ဧရာဝတီတိုင်းဒေသကြီးနဲ့ကရင်တိုင်းရင်းသားများ
(ထီးထာကလုံး ဒဲ ပဖလုံး)
ဧရာဝတီတိုင်းဒေသကြီးမှာရှေးနှစ်ပေါင်းများစွာကတည်းကနေထိုင်လာကြတဲ့ကရင်တိုင်းရင်းသားများတွေဟာ
ဒီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍတွေမှာဘယ်လိုပါဝင်ဆောင်ရွက်ဖို့လိုအပ်နေပြီလဲဆိုတဲ့သုံးသပ်
ချက်တစ်ခုကိုတင်ပြလိုပါတယ်။
၁။
ကမ္ဘာပေါ်မှလူမျိုးတစ်မျိုး၊ မြန်မာနိုင်ငံမှ တိုင်းရင်းသားတစ်မျိုး
လက်ရှိကမ္ဘာပ်ါမှာ တရုတ်လူမျိုး၊
ကုလားလူမျိုး၊ ဂျပန်လူမျိုးများတွေဟာအာရှနိုင်ငံများတွေမှာနေထိုင်ကြပြီး၊ ဥရောပမှာဆိုရင်
ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ စတဲ့လူမျိုးတွေနေထိုင် ကြပါ
တယ်။ မြန်မာနိုင်ငံမှာ
အဓိက တိုင်းရင်း သားများ တွေဖြစ်တဲ့ ကချင်၊ကယား၊ ကရင်၊ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း
ဆိုပြီး(၈)မျိုး ရှိနေတာကိုတွေ့ရပါတယ်။ ဒီအထဲမှာ ဗမာ ဟာလည်း တိုင်းရင်းသား လူမျိုးတွေထဲမှာ
တစ်မျိုးအပါအ၀င်ဖြစ်ပြီး ကရင်လူမျိုးတွေဟာလည်းအခြားတိုင်းရင်းသားတွေ နည်းတူအေး တူပူ အမျှ
ရှေးနှစ်ပေါင်းများစွာကတည်းက ဒီပြည်ထောင်စုကြီးမှာနေထိုင်လာကြတယ်ဆိုတာ ကိုတွေ့ ရှိနိုင်ပါ တယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့်
ကရင်လူမျိုး တွေဟာ ကမ္ဘာပေါ်မှာ မိမိတို့ကိုယ်ပိုင် စာပေ ယဉ်ကျေး မှု၊ထုံးတမ်းစဉ်လာအမွေအနစ်တွေနဲ့
ရှေးကာလ နှစ်ပေါင်းများစွာကတည်းကရပ်တည်နေထိုင်နေတဲ့
ကမ္ဘာပေါ်ကလူမျိုးတစ်မျိုးဖြစ်သလို၊ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာလည်းဒေသခံတိုင်းရင်းသား
တစ်မျိုးလည်းဖြစ်ပါတယ်။
၂။
မြစ်ဝကျွန်းပေါ်ဒေသကို ကရင်တိုင်းရင်းသားတွေဘယ်လိုရောက်လာခဲ့တာလဲ။
ဒီမေးခွန်းနဲ့ပတ်သက်လို့ပညာရှင်တွေအမျိုးမျိုးဖြေခဲ့ကြပါတယ်။
တစ်ချို့က ကရင်လူမျိုးများတွေဟာ ဘာဘီ လုံကဆင်းသက်လာတဲ့လူမျိုး၊ တစ်ချို့ကလည်း ကရင်လူမျိုးတွေဟာ
မွန်ဂိုလီးယားက ဆင်း သက်လာ တဲ့လူမျိုး၊ တိဘက်မှာနှစ်ရှည်လများနေထိုင်ခဲ့ပြီး ထီးဆေ့မေ့ယွားဆိုတဲ့
နေရာဒေသမှာ လည်း ပင်ပန်းဆင်းရဲစွာ နေထိုင် ခဲ့ကြသူတွေလို့လည်းဆိုကြပါတယ်။ နောက်ဆုံးယူနန်မှာနေထိုင်ခဲ့ကြပြီး
လက် ရှိမြန်မာနိုင်ငံကို ဘီစီ ၇၃၉ လောက်မှနောက်ဆုံးဝင်ရောက်လာခဲ့ကြတယ်လို့ဆိုကြသေးတယ်။
(အဲဒီဘီစီ ၇၃၉ နဲ့ ခရစ်နှစ် ကိုပေါင်း လိုက်ခြင်းဖြင့် ကရင်နှစ်သစ်ကူးအဖြစ် သတ်မှတ်ပြီး
အင်္ဂလိပ်ကိုလိုနီ အစိုး ရခေတ် ကတည်းက အသိအမှတ်ပြု
ကျင်းပ လာခဲ့ကြပါတယ်။) လက်ရှိမြန်မာနိုင်ငံတော်ထဲ ကို ၀င်ရောက်လာ တဲ့အခါမှာ ပညာရှုင်
တွေရဲ့အဆိုအရ မြစ်ကြောင်းသုံးသွယ် အတိုင်း ယူနန်က ဆင်း သက် ခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီမြစ်ကြောင်း
တွေကတော့ ဧရာဝတီမြစ်ကြောင်း၊ သံလွင်မြစ်ကြောင်းနဲ့မဲခေါင်မြစ်ကြောင်းလမ်းတို့ပဲဖြစ်ပါတယ်။
ဒါကြောင့်ကရင်လူမျိုး တွေဟာ မြန်မာနိုင်ငံ သာမက ထိုင်းနိုင်ငံမှာလည်း နေထိုင်နေကြတာ
ကိုတွေ့မြင်နေရခြင်း ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့မြန်မာ နိုင်ငံ တော်မှာ ကရင်တွေဟာ ဧရာဝတီတိုင်းဒေသကြီးသာမက၊
ရန်ကုန်၊ ပဲခူး တိုင်းဒေသကြီး တွေမှာအပြင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့တနင်္သာရီ
တိုင်းဒေကြီး
တွေမှာလည်းမှီတင်း နေထိုင် နေကြတာ ကိုတွေ့နိုင်ပါတယ်။ ဒီနေ့ ၂၁ ရာစုအစမှာ ကရင်တွေဘယ်ကဆင်းသက်လာသလဲ
ဆိုတာ ထက် ကရင်တွေ ဘယ်မှာရှိနေသေးသလဲ ဆိုတဲ့မေးခွန်း ကပိုပြီး အရေးကြီးနေပါတယ်။ ဒီသုံးသပ်ချက်ထဲမှာ
ဧရာဝတီမြစ်ဝ ကျွန်းပေါ်မှာ ရှိနေတဲ့ကရင်တိုင်းရင်းသား အကြောင်းကိုပဲ အဓိကထားပြီးတင်ပြသွားပါ့မယ်။
ဧရာဝတီမှာ ကရင်ရှိနေတယ်။ ကရင် နဲ့ ဧရာဝတီတိုင်းဒေသကြီး ဆိုတာ ခွဲခြား လို့မရနိုင်ပါဘူး။
ပဖလုံး နဲ့ ထီးထာကလုံး ဆိုတာခွဲခြား
လို့မရနိုင်ပါဘူး။
၃။
လက်ရှိဧရာဝတီတိုင်းဒေသကြီးနဲ့ကရင်ပြည်သူလူထု
လက်ရှိဧရာဝတီတိုင်းဒေသကြီးဟာ
ခရိုင် (၆)ခု၊ မြို့နယ်ပေါင်း (၂၆) မြို့နယ် မြန်မာနိုင်ငံရဲ့ အနောက် တောင်ဖက်စွန်းမှာတည်ရှိနေပါတယ်။
ကရင်တွေဟာ ဖော်ပြတဲ့မြို့နယ်တွေအားလုံးမှာ အနည်း နဲ့အများ ဆိုသလိုတည်ရှိနေပါတယ်။ ပန်းတနော်၊
အိမ်မဲ၊ ကျောင်းကုန်း၊ ကျုံပျော်၊ ၀ါးခယ်မ၊ မြောင်းမြ စတဲ့ မြို့နယ်တွေကတော့ ကရင်အများစုနေထိုင်တဲ့မြို့နယ်တွေဖြစ်သလို
ရေကြည်။ လေးမျက်နှာ၊ ငသိုင်းချောင်း စတဲ့မြို့နယ်တွေမှာ ကရင် တွေအနည်းစုနေထိုင်နေကြပါတယ်။
ကျွန်ုပ်တို့နေထိုင်တဲ့တိုင်းဒေသကြီးဟာ ကျေးလက်ကျေးရွာ ပေါင်း (၁၁၆၁၅) ခန့် ရှိနေတဲ့အထဲမှာ
ကရင်လူမျိုးများနေထိုင်တဲ့ကျေးရွာပေါင်း (၅၀၀၀) လောက် မရှိနိုင်ဘူးလား။ ဒါထက်တောင်များမယ်လို့ယူဆနိုင်ပါတယ်။
စာရင်းအတိအကျကို လ.၀.က ရုံးတွေမှာပဲ ရယူနိုင်ပါလိမ့်မယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ နေထိုင်တဲ့
လူဦးရေ စုစုပေါင်း ၆ သန်း ခန့်ရှိတယ်ဆိုရင် ကရင် တိုင်းရင်းသားတွေ ၂ သန်း လောက်ကော
မရှိနိုင်ဘူးလား။ ဒါတွေဟာဆက်လက်ရှာ ဖွေဖော်ထုတ်ရဦး မယ့်အချက်အ လက်တွေပဲ လို့ပြောချင်ပါတယ်။
ဒီတိုင်းဒေကြီးထဲမှာ မှီတင်းနေထိုင်နေကြတဲ့ ကရင်တိုင်း ရင်းသားတွေထဲမှာ စကောဘာသာစကားပြောသူများနဲ့
ပိုးဘာသာစကားပြောသူများ
ဆိုပြီး ပြောဆိုသုံးစွဲတဲ့ဘာသာစကားအပေါ်အခြေခံပြီး(၂)မျိုးခွဲခြားနိုင်ပါတယ်။
ဒီတိုင်းဒေသကြီး မှာတော့ ပိုးကရင် ဘာသာ စကား ပြောတဲ့အုပ်စုက စကောကရင်ဘာသာစကားပြော တဲ့အုပ်စုထဲလူဦးရေ
ပိုများပါတယ်။
၎။
ကရင်လူမျိုးများတို့ရဲ့ဘ၀နဲ့တန်ဖိုးထားမှု
ကရင်လူမျိုးများတွေဟာ
ရိုးသားကြပြီး တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းကို တန်ဖိုးထားကြပါတယ်။ သူတို့ သီဆိုတဲ့
အမျိုးသား သီချင်းမှာအဲဒီအချက်တွေကို ထင်ထင်ရှားရှားတွေသတိပြုနိုင်ပါတယ်။ အဲဒီ အမျိုးသား
သီချင်းမှာပါတဲ့ စာသားမှာ ” ကရင်အမျိုးသားအပေါင်းတို့၊ သင်တို့သည် အလွန်ချစ်မြတ်နိုး
ဘွယ်ကောင်း ပါသည်။ သို့အတွက်ကြောင့်သင်တို့ကိုကျွန်ုပ်ချစ် မြတ်နိုးပါသည်။ သင်တို့သည်
တရား မျှတခြင်းကို ချစ်မြတ်နိုးသူများဖြစ်သည်။ သင်တို့သည် မိတ်ဆွေအပေါင်းအသင်းဖွဲ့ခြင်းကို
မြတ်နိုး သူများဖြစ်ကြသည်။ ထိုကောင်းမြတ်ခြင်းအားလုံးများကြောင့် သင်တို့ကို ကျွန်ုပ်
ချစ်မြတ်နိုးပါသည်။ ”ဖော်ပြပါ စာသားများ ကိုကြည့်ရင်ပဲ ကရင်လူမျိုးများတွေဟာ တရားမျှတခြင်းနှင်
စည်းလုံးညီညွှတ်ခြင်းကို ဘ၀ရဲ့တန်ဖိုး များတွေ အဖြစ်သတ်မှတ်ထားကြတာကို တွေ့နိုင်ပါတယ်။
၅။
ကရင်တိုင်းရင်းသားတွေဟာ နေထိုင်ရာဒီတိုင်းဒေသကြီးအတွက် ဘာလုပ်ဆောင်ပေးနိုင်ပါသလဲ။
တိုင်းဒေသကြီးက ကျွန်ုပ်တို့ကိုဘာလုပ်ပေးနိုင်မလဲဆိုတာထက်
ကျွန်ုပ်တို့တစ်ဦးစီက တိုင်းဒေသကြီး အတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာကိုဦးစားပေးစဉ်းစားကြဖို့လိုအပ်ပါတယ်။
ကျွန်ုပ်တို့မှာကြီးမားတဲ့လူ့စွမ်းအား အရင်းအမြစ်တွေရှိနေတယ်။ ကျွန်ုပ်တို့မှာသဘာဝအရင်းအမြစ်တွေရှိနေတယ်။
အဲဒီရှိနေပြီးသား ကောင်း မြတ်တဲ့ အရင်းအမြစ်တွေကို ခေတ်မီနည်းပညာတွေ ရဲ့အထောက်အကူနဲ့
အရည်အသွေး မြှင့်တင်မှု တွေပြု လုပ်ပြီး ဒေသကြီးရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကျရာကဏ္ဍ
အသီးသီးက နေပါဝင်လုပ် ဆောင်ဖို့ လိုအပ်နေပါပြီ။
-
နှစ်စဉ်နှစ်တိုင်းကျင်းပကြတဲ့ကတဲ့ကရင်ရိုးရာနှစ်သစ်ကူးပွဲတော်ဟာ
ကရင်လူထူ တစ်ရပ်လုံးရဲ့ အမျိုးသား စိတ်ဓါတ်နဲ့ ခွန်အားအားသစ်လောင်းပေးတဲ့နေ့ရက်တွေပဲဖြစ်ပါတယ်။
ဒါကြောင့် ကရင်ရိုးရာနှစ်သစ်ကူး
ပွဲတော်ကို တစ်ရေးနိုးမှ ကောက်ကာငင်ကာ အစီအစဉ်မကျ ကျင်းပခြင်း
မျိုး မဟုတ်ပဲ အစီအစဉ်တစ်ကျ၊ အဓိပ္ပါယ်ရှိရှိ၊ အမျိုးသားရေးအမြင်နဲ့ကျင်းပမယ်ဆိုရင်
ကရင် တိုင်းရင်း သားများတွေဟာ မိမိနိုင်ငံအပေါ်မှာထားရှိအပ်တဲ့သစာတရား၊ တိုင်းဒေသကြီး
အပေါ် ဆောင်ရွက်မဲ့ တာဝန်ဝတ္တရားတွေကို ပိုမိုသိမြင်လုပ်ဆောင် လာမှာဖြစ်ပါတယ်။
-
ကရင်ရိုးရာဝတ်စားဆင်ယင်မှုတွေဟာလည်းရိုးရာယဉ်ကျေးမှုဖော်ထုတ်ရှင်သန်ရေးတွေမှာ
အရေးကြီး တဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်။ ၀တ်စားဆင်ယင်မှုကိုကြည့်ခြင်းဖြင့် လူမျိုးတို့ရဲ့စိတ်နေသ
ဘော ထား နှင့် တန်ဖိုးထားမှုကို ဆုံးဖြတ်နိုင်တဲ့အတွက် မြစ်ဝကျွန်းပေါ်ရှိ ကရင်တိုင်းရင်းသားများ
တွေဟာ မိမိတို့ရဲ့ရိုးရာဝတ်စားဆင်ယင်မှုတွေကိုကရင်နှစ်သစ်ကူးလို့နေ့ကြီးရက်ကြီးအချိန်အခါတွင်သာမကပဲ
အခြားသောအရေးကြီးတဲ့နေ့ကြီးရက်ကြီးတွေနဲ့ဘာသာရေးပွဲတော်ရက်ကြီးတွေမှာမြတ်နိုးစွာ ၀တ်စား
ဆင်ယင်သင့်လှပါတယ်။ သတင်းမီဒီယာများတို့ရဲ့ လွှမ်းခြုံမှုနဲ့ထိုးနှက်မှု အောက်မှာ ရပ်တည်
ရှင်သန် နိုင်ဖို့ရန်ချိမ်းခြောက်ခြင်းခံနေရတွင် ရိုးရာဝတ်စား ဆင်ယင်မှုတွေဟာ အရေးကြီး
တဲ့တုန့် ပြန်တွန်း အားတစ်ခုအဖြစ်တည်ရှိနေရန်လည်းလိုအပ်လှပါတယ်။
-
ရိုးရာအကနဲ့တေးဂီတတွေဟာလည်းဧရာဝတီတိုင်းဒေသကြီးအတွင်းမှီတင်းနေထိုင်ကြတဲ့ကရင်တိုင်း
ရင်းသားညီအစ်ကိုများတို့ဆက်လက်ဖော်ထုတ်ရှင်သန်ရမယ့်အရေးကြီးတဲ့အခန်းကဏ္ဍတစ် ရပ်ဖြစ်နေ
ပါတယ်။ ဒေသကြီးအတွင်းနေရာတော်တော်များများမှာ ကရင့်ရိုးရာဒုံးအကများကို ခုံခုံမင်မင်
လေ့ကျင့် သင်ယူကာ အရေးကြီးတဲ့လူမှုရေး၊ ဘာသာရေးပွဲတော် အခမ်းအနားများတွေမှု ထူးခြား တဲ့ဖျော်ဖြေ
တင်ဆက်မှုတွေအဖြစ်တစ်နေ့တစ်ခြားပိုမိုတွေ့မြင်လာရတာဟာ အင်မတန်မှဂုဏ်ယူအားရ ဘွယ်ဖြစ်
ပါတယ်။ အရှိန်အဟုန်ကြီးမားစွာနဲ့ ထိုးဖောက်ဝင်ရောက်လာတဲ့
လူမျိုးခြား တေး ဂီတနဲ့ ရုပ်သံများ တွေဟာ ကရင့်ရိုးရာအကများ ရေရှည်ရပ်တည်နိုင်ရေးကို
နေ့စဉ်နဲ့အမျှ စိန်ခေါ်နေပါတယ်။ ကရင် လူငယ်များတွေဟာ အမျိုးသားရေးအသိနဲသတိကို အစဉ်အမြဲ
ဖက်တွယ်ထားဖို့ရန် လိုအပ်လှ ပါတယ်။ ကရင့်ရိုးရာအကနဲ့ တေးဂီတများတွေကို မြတ်နိုးစွာထိမ်းသိမ်းခြင်း၊
မြှင့်တင်ခြင်းဟာ တိုင်း ဒေသကြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်ဖက်တစ်လမ်းမှ ပူးပေါင်း
ပါဝင်ခြင်း ပဲဖြစ်ပါတယ်။
-
စာပေယဉ်ကျေးမှုကိုထိမ်းသိမ်းရုံသာမကဘဲဖွံ့ဖြိုးတိုးတက်လာအောင်မြှင့်တင်ဆောင်ရွက်ဖို့ရန်လည်းအရေးကြီးလှပါတယ်။
၁၉၆၀ နှစ်ကာလကတည်းက ကရင်စာပေဘာသာစကား သင်ကြားခြင်းများ တွေ ဟာ တဖြည်းဖြည်း နဲ့ အားလျှော့လာပြီး
ယခု နှစ်ပေါင်း ၅၀ ကျော်ကြာလာတဲ့အခါ ကရင်လူငယ် တော်တော် များများဟာ ကရင်စကားကို ပြောတတ်၊
ပြောတာကို နားလည်ကြပေမယ့် မရေးတတ်၊ မဖတ်တော့တာကို တွေ့ရပါတယ်။ ကရင်ရွာတော်တော်များများဟာလည်း
မိမိတို့ရဲ့မိခင်ဘာသာ စကားဖြစ်တဲ့ကရင်စကားကို မပြောကြတော့တာကိုလည်းတွေ့နေရပါတယ်။ ပြောင်းလာတဲ့ နိုင်ငံ တော်သစ်မှာ ကရင်စာပေယဉ်ကျေးမှုအမွေအနှစ်များတွေကို
ဖော်ထုတ်အား သစ်လောင်းခြင်း အားဖြင့် တိုင်းဒေသကြီး အားဘက်စုံဖွံ့ဖြိုးရေးတွင် တစ်ဖက်တစ်လမ်း
မှပါဝင်ပူးပေါင်းဆောင် ရွက်နိုင် ပါ တယ်။
၆။
ပြုပြင်ပြောင်းလဲဖို့လိုအပ်နေသေးတဲ့ ဘ၀ခံယူချက်တွေနဲ့စိတ်နေစိတ်ထား
က။-နောက်လိုက်စိတ်မှခေါင်းဆောင်စိတ်သို့
ကျွန်ုပ်တို့ကရင်တိုင်းရင်းသားများတွေဟာ
အေးဆေးစွာနေတတ်သူများဖြစ်ပြီး ရိုးစင်းသောဘ၀ ကိုမြတ်နိုးသူများဖြစ်ကြပါတယ်။ ခေတ်ကာလအဆက်ဆက်
အုပ်ချုပ်သူမင်းများလက်ထက် တွေမှာ နောက် လိုက်ကောင်းများအဖြစ်ရပ်တည်ခဲ့ကြတယ်။ အထူးသဖြင့်
အင်္ဂလိပ်တွေဝင်ရောက်လာပြီး နှစ်တစ်ရာ ကျော် အုပ်ချုပ်တဲ့ကိုလိုနီခေတ်မှာ ကရင်တိုင်းရင်းသားများတွေဟာ
အင်္ဂလိပ်တွေရဲ့ နောက်လိုက်ကောင်း များတွေ အဖြစ်ထင်ရှားခဲ့ပါတယ်။ ဒီအမူအကျင့်တွေဟာ ခုထက်တိုင်
ကရင်လူထုကြား ထဲမှာရှိနေပြီး မိမိကိုယ် တိုင်ဦးဆောင်လိုစိတ်ထက်သူတစ်ပါး၏ဦးဆောင်မှုအောက်တွင်
နောက်လိုက် လိုမှုစိတ်ထား များ ပိုမိုလွှမ်းမိုး တတ်တာကိုတွေ့နေရပါတယ်။ ဦးဆောင်လိုစိတ်ဆိုတဲ့နေရာမှာ
တော်လှန်ပုန်ကန် လိုစိတ်နဲ့ မတူပါဘူး။ ကရင်ကျေးရွာတော်တော်များများမှာ လူကြီးလုပ်ဖို့ခေါင်းဆောင်ရွေးကြပြီးဆိုရင်
ကရင်လူကြီးပိုင်း တော်တော် များများကငြင်းကြတယ်။ မလုပ်ချင်ကြဘူး။ ခေါင်းအရှုပ်မခံချင်ကြဘူး။
ခေါင်းဆောင်မလုပ်ချင်ကြဘူး။ အေးအေးဆေးဆေးပဲ သူများဦးဆောင်တာကိုခံယူချင်ကြတယ်။ ပြောင်းလဲလာတဲ့
နိုင်ငံတော်သစ် မှာ ဒီ ခံယူချက်တွေ၊ စိတ်နေစိတ်ထားတွေဟာ တစ်ဆင့်တက်လာဖို့လိုအပ်နေပါပြီ။
မဟုတ်ရင်၊ ကရင်တွေဟာ မိမိတို့ရဲ့ကျေးရွာ၊ ဒေသတွေကိုဦးဆောင်ဦးရွက်ပြုဖို့ အလေ့အကျင့်မဲ့နေမှာဖြစ်တယ်။
ခေတ်သစ်ကမ္ဘာ မှာ ခေါင်းဆောင်ဆိုတာ မွေးရာပါအစွမ်းအစရယ်လို့မယူဆတော့ဘူး။ ခေါင်းဆောင်မှုပညာဆိုတာလေ့လာ
သင်ယူ လေ့ကျင့် လို့ရတဲ့ပညာဖြစ်လာပြီ။ ဒါကြောင့်လည်းခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုပညာတွေကိုခေတ်
လူငယ် တွေကြိုးစားရှာဖွေလေ့လာနေကြတယ်။သင်ကြားပို့ချတဲ့ကျောင်းတော်ကြီးတွေလည်းတဖြည်းဖြည်းများပြား
လာတယ်။ ဒီလိုထက်မြက်တဲ့ခေါင်းဆောင်မှုပညာတွေကို ခေတ်သစ်ကမ္ဘာ ရှာဖွေလေ့လာနေတဲ့အချိန်မှာ
ကျွန်ုပ်တို့ကရင်တိုင်းရင်းသားများတွေဟာ ခေါင်းဆောင်စိတ်ကို မွေးကြရလိမ့်မယ်။ ခေါင်းဆောင်
တွေကိုမွေး ထုတ်ကြရပါမယ်။ ထက်မြက်စွာ ဦးဆောင်၊ စီမံခန့်ခွဲတတ်သူတွေကို ကရင်မျိုးဆက်သစ်တွေကြားမှာ
များစွာ ပေါ်ထွက်လာဖို့လိုအပ်နေပါပြီ။
ခ။-သူတစ်ပါးထံမှာအလုပ်လုပ်လိုခြင်းမှမိမိအလုပ်ကို
မိမိကိုယ်တိုင်ရှာဖွေလုပ်ကိုင်လိုခြင်း
ဧရာဝတီတိုင်းဒေသကြီးတွင်နေထိုင်ကြသော ကျွန်ုပ်တို့ကရင်တိုင်းရင်းသားတွေဟာနိမ့်ကျခဲ့တဲ့
စီးပွား ရေး အခြေအနေကြောင့် မိမိတို့ထက် စီးပွားရေးကောင်းမွန်သူများထံမှာ သွားရောက်
အလုပ်လုပ် ကိုင်ခြင်းပြု လာခဲ့ကြပါတယ်။ လူငယ်တော်တော်များများဟာလည်းမိမိတို့ကျေးရွာတွေကို
စွန်ခွာပြီး မိသားစုစားဝတ် နေရေးအဆင်ပြေရေးအတွက်ရေခြားမြေခြားဒေသများတွေများသွားရောက်အလုပ်လုပ်ကိုင်နေကြရပါတယ်။
တစ်ချို့လည်းမိသားစုကိုပြန်ပြီးအထောက်အပံ့ပေးနိုင်သလိုတစ်ချို့လည်းကြိုတင်တွက်ထားသလိုအောင်မြင်မှုမရလာကြပါဘူး၊
တစ်ချို့လည်းဘ၀ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ခဲ့ကြပါတယ်။ တစ်ကမ္ဘာတစ်ရွာခေတ်မှာ နယ်မြေစွန့်
ခွာအလုပ်လုပ်ကိုင်ခြင်းဟာ အထူးအဆန်းမဟုတ်တော့သလိုရှိပေမယ့် မိမိနေထိုင်ရာဒေသရဲ့ အရင်း
အမြစ်တွေကိုအသုံးချပြီးဖွံ့ဖြိုးတိုးတက်မှုဇုံတစ်ခုဖြစ်လာအောင်ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာ
ကိုလည်း စဉ်းစားသင့်ပါတယ်။ ပြောင်းလာတဲ့နိုင်ငံတော်ရဲ့မူဝါဒအသစ်တွေမှာ လူငယ်လူရွယ် များတွေအတွက်
အလုပ် အကိုင် အခွင့်အလမ်း တွေဟာလည်းပိုမိုကောင်းမွန်လာပြီဆိုရင် မိမိဒေသ မှာနေထိုင်ရင်း၊
မိမိတို့ အလုပ်ကို အဆင့်မှီမှီ အိုးမကွာအိမ်မကွာ လုပ်ဆောင်လာနိုင်ကြမှာဖြစ်ပါတယ်။ အရေးကြီးတာက
သူတစ်ပါးခိုင်းစေမှ အလုပ်လုပ် တတ်တာထက် မိမိဘာသာ ရှာဖွေလုပ်ဆောင် တတ်ဖို့လိုအပ်နေပါပြီ။
ဒီနေရာမှာ ပညာရေး ရဲ့အခန်းကဏ္ဍ ဟာအရေးကြီးလာပါတယ်။ အခုလိုပညာခေတ်မှာပညာဟာလည်းအားကောင်း
တဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်လာ တော့ သင်တော်တဲ့ပညာတွေတတ်မြောက်ထားမှသာ ထိုက်တန်တဲ့
အလုပ်တွေကို လုပ်ဆောင် နိုင်ကြမှာဖြစ် ပါတယ်။ ပညာလို့ပြောတဲ့အခါမှာ အတန်းပညာတစ်ခုတည်းကို
မဆိုလိုပါ။ ကျွန်ုပ်တို့ ကရင်လူငယ်တော်တော် များများဟာ အထက်တန်းပညာအထိမရောက်ပဲ ကျောင်းထွက်ခဲ့ကြသူတွေများ
ပါတယ်။ ဖြစ်သင့်တာ ကတော့ အထက်တန်းပညာတွေကို အောင်မြင်ပြီးမြောက်တဲ့ ကရင်လူငယ်များများ
ထွက်ပေါ်လာတာကိုပဲ တွေ့မြင်ချင်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေအကြောင်းအမျိုးမျိုးကြောင့်
အတန်းပညာမှာ အထက်တန်း အထိမရောက်ကြအုံးတောင်၊ မိမိတို့ ကျရာအလုပ်၊ ရှိရာနယ်ပယ်တွေမှာ
စဉ်ဆက်မပြတ်လေ့ လာသင်ယူ နေမယ်ဆိုရင် ပညာဟာတတ်လာနေမှာပဲဖြစ်တယ်။ နယ်မြေစွန့်ခွာ အ
လု
ပ်လုပ်ကိုင်ခြင်းကိုဟန့်တားခြင်းပြုနိုင်မှာတော့မဟုတ်ဘူး။ ဒါပေမယ့် သွားကြမယ်ဆိုရင်၊
အခိုင်းခံအဖြစ် သွား တာထက် ပညာရှင် တစ်ယောက်၊ ခိုင်းစေနိုင်သူတစ်ယောက်အနေနဲ့သွားနိုင်ကြဖို့လိုအပ်ပါတယ်။
၇။
မိခင်ဘာသာစကားမကွယ်ပျောက်အောင်ထိန်းသိမ်နည်းခြင်း
က။
ကရင်မိခင်တိုင်းမိမိရင်သွေးများကို ကရင်စကားသင်ကြားခြင်း
ဘယ်သူမှမွေးကတည်းကစကားမတတ်ကြပါဘူး၊
ဘာသာစကားတတ်မြောက်ခြင်းကို ကလေးတွေဟာ မိခင် ဆီကပထမဦးဆုံးသင်ယူရပါတယ်။ စကားပြောတတ်စအရွယ်ကလေးငယ်တွေကိုမိခင်ကိုယ်တိုင်ပြုစု
သင်ကြား ခြင်းဟာ ကရင်စကားကို မိမိရင်သွေးအားလက်ဆင့်ကမ်းလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒါဟာကရင်မိခင်
တစ်ဦးအနေနဲ့အကြီးမားဆုံးတာဝန်နဲ့အလုပ်တစ်ခုလိုဆိုချင် ပါတယ်။ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့
ကျွန်ုပ်တို့ ကလေး တွေဟာဗမာစကား တတ်မြောက်ဖို့ဆိုတာမခက်ခဲလှပါဘူး။ ကျောင်းနေအရွယ် ရောက်လာလို့
ကျောင်းသွား တက်တဲ့အခါ ဗမာစကားကို သူ့တို့နဲ့ထိတွေ့တဲ့အသိုင်းအ၀ိုင်းနဲ့ အလိုလို တတ်မြောက်
သွားမှာဖြစ်တယ်။ နောက်အရေးကြီးတာက မိမိတို့မိသားစုအတွင်းပြောဆိုဆက်ဆံရေးတွေမှာ သတ်မှတ်ချက်
စည်းကမ်း ထား ရှိဖို့ပါပဲ။ ပြောချင်တာကတော့ အိမ်တွင်း ကရင်စကားပြောခြင်းစည်းကမ်း ချမှတ်ထားခြင်းပဲဖြစ်
ပါတယ်။ အဲဒီလိုမျိုးချမှတ်နေထိုင်တဲ့မိသားစုတွေဟာ အခြားလူမျိုးခြားတွေထဲမှာ ဘယ်လိုပဲနေရ
နေရ မိမိတို့ မိခင် ဘာသာစကားမပျောက်ပျက်နိုင်ဘူး။
ခ။ မိမိရင်သွေးများကို ကရင်နာမည် မှည့်ခေါ်ခြင်း
ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုတိုင်းရင်းသားများတွေဖြစ်တဲ့
ကချင်၊ ကယား၊ ချင်း၊ ရှမ်း၊ စတဲ့ တိုင်းရင်းသားတွေမှာ မိမိတို့ကမွေးဖွားလာတဲ့ကလေးတွေကို
အမည်မှည့်ခေါ်တဲ့နေရာ မှ မိမိတို့ရဲ့ မျိုးရိုးအမည် နာမည်တွေ ပေးကြ တာကိုတွေ့ရပါတယ်။
စကောကရင်အသိုင်းအ၀န်းများမှာလည်း စကောကရင်နာမည်များ မှည့်ခေါ်ကြ တာ ကိုတော်တော်များများတွေ့ရပါတယ်။
အာရှတိုက်သား တရုတ်၊ ဂျပန်၊ ကိုးရီးယား၊ ထိုင်း စတဲ့နိုင်ငံတွေမှာလည်း သက်ဆိုင်ရာဘာသာစကားအလိုက်
အမည်များပေးထားကြတာကိုတွေ့နိုင်သလို ဥရောပနိုင်ငံများမှာလည်း အမည်ကို ကြည့်ခြင်းဖြင့်
ဘယ်နိုင်ငံကလဲတဆိုတာကို ပြောပြနိုင်ပါတယ်။ လူတစ်ဦးရဲ့အမည် တွေဆိုတာ လူပုဂ္ဂိုလ်ကိုကိုယ်စားပြုသလို၊
မိမိအမျိုးကိုလည်း ကိုယ်စားပြုပါတယ်။ အမည်ကို ကြားလိုက်ရုံနဲ့ လူတစ်ဦးရဲ့ ပါတ်သက်တဲ့
လူမျိုးနဲ့ဘာသာစကားကိုသိရှိနိုင်တယ်။ ဒီအကြောင်းတွေကြောင့် ရိုးရာယဉ်ကျေးမှုနဲ့ဘာသာ
စကားမပျောက်ပျက်အောင်ထိမ်းသိမ်းမြှင့်တင်တယ်ဆိုတဲ့နေရာမှာ မိဘများတွေဟာမိမိတို့မှ မွေးဖွားလာ
တဲ့ ရင်သွေးများတွေကို ကရင်နာမည် မှည့်ခြင်းဟာလည်း နည်းလမ်းကောင်းတစ်ခုလိုမြင်မိပါတယ်။
အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးမှာရှိကြတဲ့ ပိုးကရင်တော်တော်များများဟာ မိမိတို့ကလေးများကို
အမည်မှည့်ခေါ်ရာမှာ ခေတ်ဆန်၊ ကဗျာဆန်သော ဗမာအမည်များကို ( ဥပမာ၊ ရဲဝေဇော်၊ ဖြိုးတင့်ဦး၊
ဖူးခက်ဝေ၊ စမ်းသော်တာ) မှည့်ပေးထားတတ်ကြတာကိုတွေ့ရတယ်။
ခရစ်ယာန်များ တွေအနေနဲ့ ဘာသာဝင်ဆေးကြောခြင်းခံယူစဉ်မှာ ခရစ်ယာန်အမည်တွေရရှိကြတယ်။ ဥပမာ၊
မိုက်ကယ်၊ ဂျော့၊ ထရေဇား၊ ရိုဇား စသည်ဖြင့်ရှိကြပါတယ်။ ကရင်ခရစ်ယာန်များအနေနဲ့ မိမိကလေးများအား
ခရစ်ယာန်နာမည်သာမက ဗမာနာမည်ပေးချင်၊ ပေးပါ။ ဒါပေမယ့် ကရင်နာမည်ဖြစ်တဲ့ (အိုင်ခန့်၊
ခန့်သူလိုင်၊ ဖေါင်ဟှီလား၊ စန်းဖောင်) စတဲ့နာမည်တွေ ကိုလည်း မှည့်ခေါ်ခြင်းဟာကရင်လူမျိုးတို့ရဲ့အဖြစ်ဇာတိအမှန်အကန်ကိုဖော်ပြရာလည်းရောက်ပါတယ်။ကရင်တို့ရဲ့ဇာတိသွေး၊
ဇာတိမာန်ကိုလည်းဖော်ပြရာရောက်ပါတယ်။ ကရင်တွေအ၀ါးမျိုခံရခြင်းမှာ နာမည် အား ဖြင့် ၀ါးမျိုခံ
နေရ တယ်ဆိုတာကို သတိပြုမိသူနည်းနေပါသေးတယ်။
ကရင်မိဘတွေမိမိရင်သွေးတွေကို
ဗမာနာမည်မှည့်ရခြင်းအကြောင်းတွေကို လေ့လာတဲ့အခါမှာ တွေ့ရတာ ကတော့ ကျောင်းနေအရွယ်ရောက်ပြီး
စာသင်ကျောင်းတွေမှာ ကျောင်းစာရင်းသွင်းတဲ့အခါ ခေါ်ရ၊ ဖတ်ရ လွယ်ကူအောင်ဆိုတာတစ်ခုပါနေတယ်။
စာသင်ခန်းတွေမှာလည်း အခြားကျောင်းသား များနဲ့တန်း တူဖြစ် အောင်၊ အများစုဖြစ်တဲ့ ဗမာတိုင်းရင်းသား
ဆရာ၊ဆရာမများရဲ့ခွဲခြားဆက်ဆံမှု ကိုမခံရအောင်ဆိုတဲ့ စိုးရိမ်စိတ် တစ်ခုလည်းပါနေတယ်။
အထူး သဖြင့် (၁၀) တန်းလို အထက်တန်းစာမေးပွဲတွေကို ဖြေဆိုတဲ့နေရာမှာ အဖြေ စာရွက်ပေါ်မှာ
ဖော်ပြတဲ့ အမည် ပေါ် မူတည်ပြီး ခွဲခြားဆက်ဆံမှုတွေ မခံရအောင် ဗမာနာမည်တွေနဲ့ ကျောင်း
စာရင်းသွင်းခဲ့ကြတယ်။ လုပ်ငန်း ခွင်ဝင်တဲ့အခါကြရင်လည်း အလုပ်အကိုင် အခွင့်အလမ်း အများနည်းတူရှိဖို့နဲ့
နာမည်ကိုကြည့် ခြင်းဖြင့် ခွဲခြားဆက်ဆံမှုမခံရအောင် ဆိုတဲ့ စိုးရိမ်မှုတွေကလည်းဖြစ်ခဲ့ကြပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း ဒေသကြီးထဲမှာ အများပိုင်း ထိတွေ့ ဆက်ဆံ နေရတာ ဗမာစကားပြော အသိုင်း
အ၀ိုင်းဖြစ် တဲ့အခါကြတော့ တစ်ယောက်နှင့်တစ်ယောက် မိတ်ဖွဲ့ပြောဆို ဆက် ဆံရာမှာ အမည်တွေမှတ်ရလွယ်ကူအောင်
အများသုံးသော ဗမာနာမည်များကို ယူထားလာကြပါတယ်။ ဒါတွေကိုကြည့်ခြင်းဖြင့် ကရင်လူမျိုးများ
တွေဟာ အမျိုးသားရေးအရ အမြင့်ပွင်လင်းမှု၊ နိုးကြားမှုနည်းနေတာကြောင့်တစ်ကြောင်း နဲ့ ခေတ်အဆက်ဆက်
ချိမ်း ခြောက်ခံရတဲ့ ခွဲခြား ဆက်ဆံခံရမှုတွေကြောင့် ပိုးကရင်မိသားစုတွေမှာ မိဘတော်တော်များများဟာ
မိမိကလေး များကိုဗမာ လိုအမည်မှည့်ခဲ့ကြတယ်လို့ယူဆနိုင်ပါတယ်။ ဒါကြောင့် အနာဂတ်ကာမှာကရင်တို့ရဲ့
ဇာတိသွေး၊ ဇာတိမာန်တစ်ခု ကိုဖော်ပြ ချင်တယ်ဆိုရင် ကရင်မိဘများ မိမိတို့မှမွေးဖွားလာတဲ့ ကလေးတွေကို
ကရင်နာမည် တွေ မှည့် ပေးကြပါ။
နိဂုံးချုပ်အနေနဲ့ ကျွန်ုပ်ကရင်တိုင်းရင်းသားတွေဟာမိမိတို့ရဲ့ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊
စာပေတွေနဲ့ တည်ရှိနေတဲ့ လူမျိုးတစ်မျိုးဖြစ်ပြီး
အထူးသဖြင့်ဧရာဝတီတိုင်း ဒေသကြီးမှာ ရှေးနှစ်ပေါင်းများစွာ ကတည်းက အခြေချ နေထိုင်လာကြတဲ့ကရင်တိုင်းရင်းသားတွေဟာ ခုလိုပြောင်းလဲ လာတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အခင်း အကျင်းအသစ်မှာ အားကြိုးမာန်တက်ဖြင့်
တိုင်းဒေသကြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမှာ ကျရာအခန်း ကဏ္ဍများ ကနေ တက်တက်ကြွကြွ ပူးပေါင်းပါဝင်လုပ်ဆောင်ကြဖို့ရန်လိုအပ်ပါကြောင်း
တိုက်တွန်းနှိုး ဆော်လိုက်ပါတယ်။
မန်းကျိုက်အိုင်ခလိဏ်
(မတ်လ ၂၅ မှ ၃၀ ရက်အတွင်း
သရက်ချောင်း၊ သိမ်လာ၊ (မြောင်းမြမြို့နယ်) ကံသုံးဆယ် (ငပုတောမြို့နယ်) ကျေးရွားများသို့
နွေရာသီ ၂၀၁၂ ၊ ကရင်စာပေ/ယဉ်ကျေးမှု ဆရာ၊ဆရာမ (၅၀ ယောက်) နှင့် နယ်လှည့်စဉ် ပိုးကရင်ဖြင့်
ပြောဆိုခဲ့ ဟောပြောချက်များကို ပြန်လည်ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။)
………………
မတ်လ ၃၁၊ ၂၀၁၂။
No comments:
Post a Comment