ရှင်ယောဟန် ၆/၅၁-၅၈
နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ ရောက်လာတိုင်း ကက်သလစ်အသင်းတော်ဟာ ကောင်းမြတ်တဲ့ အစဉ် အလာ တစ်ခု ဖြစ်တဲ့ သေလွန်သောပုဂိုလ်များအတွက်ဆုတောင်းပေးခြင်းနဲ့ ကက်သ လစ်သင်္ချိုင်း တော်များ အား ကောင်း ချီးပေးခြင်း ကို လွန်ခဲ့တဲ့ ၁၁ ရာစုကတည်းကျင်းပလာခဲ့ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ကို သူတော် သူမြတ် အပေါင်းတို့ရဲ့ပွဲ နေ့လို့ ၈ ရာစု မှာသတ်မှတ်ပြီး နိုဝင်ဘာ ၂ ရက်ကို သင်္ချိုင်းပွဲ အဖြစ်ကျင်းပ လာ ခဲ့ကြပါတယ်။ ဒီက နစိုးကုန်းရွာ ဟာလည်း ဒီကက်သလစ်ဘာသာရဲ့ ကောင်းမြတ်တဲ့ ထုံးတမ်းစဉ်လာ ဘာသာရေးပွဲ တော်ကို ဒီအချိန်အခါရောက်တိုင်း စီကား သိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းအတွက်လည်း ဂုဏ်ယူ ရပါတယ်။
ဒီနှစ်ကို ရဟန်းမင်းကြီး ၁၆ မြောက် ဘေနေဒစ် က Year of Faith (ယုံကြည်ခြင်းနှစ်) အဖြစ် လွန်ခဲ့တဲ့လ၊ အောက်တိုဘာလ ၁၁၊ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။ ဒီယုံကြည်ခြင်းနှစ် ကျင်းပခြင်း ဟာ နောင်နှစ်ခါ ၂၀၁၃ နိုဝင်ဘာ ၂၄ ရက်နေ့ မှာ အဆုံးသတ်မှာဖြစ်တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းမှာ ကက်သလစ် အသင်းတော်ဟာ ထူးခြား သမိုင်းဝင်ပွဲတော်တစ်ချို့ကို ရဟန်းမင်းကြီး ရုံးစိုက်ရာ ဗာတီကန်နန်းတော်မှာ ကျင်း ပခဲ့တယ်။ အဲဒီပွဲတော်တွေထဲမှာ ဒုတိယဗာတီကန်ကောင်စီ (၁၉၆၂-၁၉၆၅) ကျင်းပခြင်းရဲ့ နှစ် (၅၀) မြောက်ပွဲတော်ကို ကျင်းပခဲ့ကြတယ်။ ကက်သလစ်အသင်းတော်ရဲ ဘုရားစကားစာအုပ်ကြီး လို့ ခေါ်တွင်တဲ့ Catechism of Catholic Church – CCC, ထုတ်ဝေခြင်းရဲ့ နှစ် (၂၀) မြောက် ပွဲကိုကျင်းပခဲ့တယ်။ အောက်တို ဘာလ ထဲမှာပဲ ကမ္ဘာတစ်ဝှမ်းလုံးက ကိုယ်စားလှယ် ကက်သလစ်ဆရာတော်ကြီး (၂၀၀) ပါး တို့ဟာ ဗာတီ ကန်မှာ စုရုံးပြီး ညီလာခံ ကျင်းပကြတယ်။ New Evangelization ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေး စည်းဝေးကြ တယ်။ နောက် ခုနကပြောသလို Year of Faith ယုံကြည်ခြင်းနှစ်ကို လည်း ရဟန်းမင်းကြီးကကြေညာခဲ့တယ်။ ကြားဖြတ်အထူး အစီအစဉ်တစ်ခုကတော့ ရဟန်းမင်းကြီး ကသူ့ရဲ့ အတိုင်ပင်ခံ ကာဒီနယ်အသစ် (၆) ပါးကို ရွေးချယ်ကြေညာလိုက်တယ်။ အဲဒါ ကာဒီနယ်သစ် (၆) ပါးထဲမှာ အာရှတိုက် က (၃) ပါး ပါဝင်တယ်။ ဒါတွေဟာ လွန်ခဲ့တဲ့ အောက်တိုဘာလ တွင်းက ကက်သလစ်အသင်းတော်အတွင်းက ထူးခြားဖြစ်စဉ် တွေပဲလို့ ပြောနိုင် ပါတယ်။
ကက်သလစ်အသင်းတော်ဟာ ဒီနိုဝင်ဘာလမှာ ဘာကြောင့် သူတော်မြတ်အပေါင်းပွဲနဲ့ သင်္ချိုင်းပွဲ ကျင်းပကြ တာလဲ ပြန် သုံးသပ်ကြည့် ရင် တပည့်တော်ကြီးများစီရင်ထားတဲ့ယုံကြည်ခြင်းအချုပ်မှာ ပါဝင်တဲ့ ယုံကြည်ရာ အ ချက် တစ် ချက်ကို ထောက်ပြနိုင်ပါတယ်။ ဒါကတော် I believe in the communion of Saints သူ တော်သူမြတ် အပေါင်း တို့ ရဲ့အဖွဲ့အစည်း ကို ကျွန်ုပ်ယုံကြည်ပါ၏ ဆိုတဲ့ ယုံကြည်ရာအချက်ပဲဖြစ်ပါတယ်။ အသင်းတော်လို့ခေါ်တဲ့ ဘုရားရဲ့လူမျိုးတော် မှာ အောင်မြင်သောအသင်းတော် (Triumphant Church) ခရီးသွားနေ သော အသင်း တော် ( Pilgrim Church) နဲ့ ဆပ်ဖြေနေသောအသင်းတော် ( Purifying Church) ဆိုပြီး အဖွဲ့အစည်း (၃) ခု ရှိရာ မှာ အဲဒီအဖွဲ့အစည်း အားလုံးပေါင်းစပ်မှုမှာ သူတော်သူမြတ် အပေါင်း တို့အဖွဲ့ အစည်းလို့ ခေါ်တွင်ပါတယ်။
အဲဒီအဖွဲ့အစည်း (၃) ခုဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ဆက်စပ်မှု ရှိနေပြီး အပြန်အလှန် အကျိုးပြု လျှက်ရှိပါတယ်။ စောစောပိုင်းက ကျောင်းထိုင်ဘုန်တော်ကြီးကျွန်ုပ်တို့အားလုံးကို ဖိတ်ခေါ်သလို ဒီနေ့ည ဒီဝတ်ပြုကိုး ကွယ်ခြင်း အခမ်းအနားမှာ ကျွန်ုပ်တို့တတွေ ဒီသင်္ချိုင်းမှာလာပြီး သေလွန် သွားကြ ပြီဖြစ်တဲ့ ကျွန်ုပ်တို့ရဲ မိဘဆွေမျိုး၊ အသိမိတ်ဆွေ တွေနဲ့ အတူ ဘုရား ၀တ်ပြုကြ ဖို့ဖြစ်ပါ တယ်။ မစ္ဆား ပူဇော်ခြင်းမှာ ကျွန်ုပ်တို့တတွေ Sanctus Sanctus တို့သီဆိုတိုင်း၊ Gloria သီချင်း သီဆိုတိုင်းမှာ ကောင်းကင်သိကြားတမန်များတွေနဲ့အတူ ဘုရားကို သီဆိုချီးမွမ်းကြ ပါတယ်။ ဒီညမှာ လည်း ဒီသင်္ချိုင်းမှ ရှိကြတဲ့သေလွန်သူတွေရဲ့ ၀ိညာဉ်တွေနဲ့အတူ ဘုရားကို ၀တ်ပြုကြဖို့ ဖြစ်ပါတယ်/
သေခြင်းဆိုတာဘာလဲ။
ဘယ်လိုလဲ၊ ဘယ်မှာလဲ၊ ဘယ်အချိန်မှာလဲ၊ ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းတွေကို သေခြင်း နဲ့ပါတ်သက်ပြီး တွေ့မြင်ခဲ့ကြတဲ့ အတွေ့အကြုံမှာ အခြေခံပြီး ဖြေလို့ရနိုင်ကောင်းပေမယ့် သေခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲ၊ ဘာအတွေ့ အကြုံကိုပေးသလဲ၊ သေခြင်းဆိုတာ ဘာလဲ ဆိုတာ ကို တော့ အသက်ရှင်နေသေးတဲ့ လူသားတွေ ဘယ်သူမှ အတိအကျပြောနိုင်မှာ မဟုတ်ပါဘူး။ လူသေတာကို ကျွန်ုပ်တို့တွေ့ဖူးကြပါတယ်။ ကလေး၊ လူငယ်၊ လူကြီး၊ ကျား၊မ မရွေး၊ အဆင့် အတန်းမရွေး၊ သေသွားကြတဲ့လူတွေကို ကျွန်ုပ်တို့တွေ့ဖူးကြပါတယ်။ သေသွားတဲလူကို ကြည့်ပြီး သေခြင်းဆိုတာ ခန္ဒာနဲ ၀ိညာဉ် ကွဲကွာခြင်း၊ အသက်ချုပ်ငြိမ်းခြင်း၊ စသည်ဖြင့် သေခြင်းကို အနက်ဖွင့်ကြတယ်။ သေခြင်းကိုလည်း ကြောက်ဖို့ကောင်းတဲ့ အနိဌာရုံတစ်ခုလိုမြင်ကြတယ်။ မလိုလားအပ်တဲ့ မကောင်းဆိုးဝါးလို့ မြင်သူတွေလည်း ရှိကြတယ်။ ဒါကြောင့် လူတွေဟာ မသေအောင် အမျိုး မျိုး နည်းလမ်းတွေရှာဖွေပြီး အသက်ဆက်ချင်ကြပါတယ်။ သမိုင်းမှာ ထင်ရှားခဲ့တဲ့ အီဂျစ်ယဉ်ကျေးမှု ထွန်း ကားတဲ့ အချိန်ကာမှာ ဖါရိုဘုရင်တွေဟာ ထင်ရှားတဲ့ တိုင်းနိုင်ငံ ကိုအုပ်ချုပ် မင်းလုပ်သူများဖြစ်ကြပါတယ်။
အချိန်တန်လို့ သေလွန်သွားတဲ့ ဖါရိုဘုရင်တွေကို ခန္ဒာကိုယ် မပုပ်မသိုးသွားရလေအောင် ဆေးရည်စိမ် ပြီး ကြီးမားတဲ့ ပီရမစ်တွေမှာ အလောင်းကိုထားကြတယ်လို့ သမိုင်းက သက်သေ ထူထားပါတယ်။ တနည်း အားဖြင့်ပြောရရင် လူတွေဟာ သေခြင်းကို မလိုလားကြဘူး။ မသေ ချင်ကြဘူး။ ဖြစ်နိုင်တဲ့နည်းတွေနဲ့ အသက်ဆက်ရှည်ချင်ကြတယ်။ တီထွင်ကြဆကြတယ်။ ဒါပေမယ့် ခုထက်ထိတော့ မသေနိုင်တဲ့ဆေး တွေ ဆိုတာ ကမ္ဘာပေါ်မှာ မပေါ်သေးပါဘူး။
တစ်နေ့တော့ အသက် (၆) နှစ်လောက်ပဲရှိသေးတဲ့ ကလေးတစ်ယောက်က အသက် (၈၅)နှစ် အရွယ်မှာ သေဆုံးသွားတဲ့ သူ့အဘိုးဘေးနာမှာ ထိုင်နေတဲ့ သူ့အဖေ ကို တိုးတိုး လေးမေးလိုက်တယ်။ “ဖေဖေ၊ ဘိုးဘိုး ဘာဖြစ်သွားတာလဲ”။ အဖေကသူ့ကို ပြန်ဖြေတယ်။ “သားသား ရဲ့ဘိုးဘိုး သေသွားပြီလေ ”။ ကလေး ငယ်ကသူ့အဖေကို နောက်ထပ်စကား တစ်ခွန်းမေးပြန်တယ်။ “ဖေဖေလည်း ဘိုးဘိုး အရွယ် လောက်ရောက်ရင် သေသွားမှာလား”။ သူ့အဖေကပြန်ဖြေတယ်။ “ဖေဖေလည်း ဘိုးဘိုးအရွယ် ရောက်ချင် ရောက်မယ်၊ မရောက် ချင်လည်း မရောက်ဘူး၊ ဒါပေမယ့် တစ်နေ့တော့သေရမှာပဲသားရဲ့”။ ကလေး ကလည်း “ ဒါဆို သားလည်း ကြီးလာပြီး တစ်နေ့သေရမှာပေါ့”။ ဒါနဲ့အဖေက ” ဟုတ်တာပေါ့ သားရယ်။ လူတွေဟာသေမျိုးပဲ၊ တစ်နေ့ သေကြရမှာကြီးပဲ။” ..ဒီလိုနဲ့ကလေးက နောက်ထပ်စကားတစ်ခွန်း ဆိုပြန်တယ်။ “ ဒါဆို ဖေဖေရယ်၊ လူတွေဟာ သေဖို့အတွက် မွေးလာကြတာလား။” အဲဒီမေးခွန်းကိုတော့ သူ့အဖေ မဖြေတော့ဘူး။
လူတွေဟာသေဖို့မွေးလာကြတာလား။ Born to die? လား၊ ဒါဆိုရင် အသက်ရှင်တာဘာ အဓိပါယ် ရှိအုံးမှာ လဲ။ ခဏသာရတဲ့ အသက်တာမှာ ပျော်စရာတွေဆိုတာဘယ်ရှိတော့မှာလဲ။ အသက် ရှင်ခြင်းဟာ ဒုကခ ပဲလား။ အဲဒီလို အမြင်နဲ့ကြည့်လိုက်တဲအခါမှာ သေခြင်းဆိုတာ မုန်းစရာ၊ ခါးသီး စရာ၊ မလိုလားအပ်တဲအနိဌာရုံ၊ ကြောက်စရာ၊ ထိတ်လန့်စရာ၊ တွေဖြစ်နေပါတယ်။ အမှုထမ်းတွေမှာ အစဉ်အလာ တစ်ခုအနေနဲ့ သေလွန် သွားတဲ့ ၀န်ထမ်းရဲ့ ဈာပနအခမ်းအနားမှာ အမိန့် တော်ပြန်ရတယ်။ လက်ရှိတာဝန်မှ ကင်း လွှတ်ကြောင်း၊ လုံးဝ မပါတ်သက်တော့ကြောင်း၊ သွားလိုရာ သွားနိုင်ကြောင်း၊ စတဲ့ စာသား တွေကိုတွေ့ရ တယ်။ ကွာခြားသွားခြင်း၊ ဆက်စပ်မှုမရှိတော့ခြင်း၊ မတူမတန်တော့ခြင်း၊ ဆိုတဲ့သဘောလည်းသက်ရောက်ပါတယ်။ ဒါတွေဟာ ယေဘူယျ အနေ အထားမှာ တွေ့မြင်ရတဲ့ သေခြင်းအပေါ် လူတွေရဲ့တုန့်ပြန်ချက်တွေပဲလို့ ပြောချင်တယ်။ မိမိတို့ ဓလေ့၊ မိမိတို့ ဘာသာ အစဉ်အလာအရ တုန့်ပြန်ကြတဲ့၊ ဖော်ထုတ်ကြတဲ့ အချက် တွေပဲဖြစ်ပါတယ်။
ခရစ်ယာန်တို့ရဲ့သေခြင်း။
လူတိုင်းသေကြသလို၊ ခရစ်ယာန်တွေလည်းသေကြပါတယ်။ သတင်းစာတွေရဲ့ နာရေးကြေငြာ မှာ ဖတ်ကြပါ တယ်။ ခရစ်တော်မှာအိပ်ပျော်သည်။ Alseep in Christ, or Rest In Peace… စသည်ဖြင့်ရေး သား မှတ်တမ်း ကဗျည်းထိုး တတ်ကြပါတယ်။ ဒီနေရာမှာ ထူးခြားတဲ့အသွင်အပြင် တစ်ခုတော့ ဖော်ဆောင်နေပြီလို့ မှတ်ယူနိုင်ပါတယ်။ ခရစ်ယာန်တို့ရဲ့သေခြင်းမှာ ခရစ်တော်ပါ နေတယ်။ သေသူတွေအတွက်ဆုတောင်းတဲ့ မစ္ဆား ဆုတောင်းခြင်းထဲမှာ ဆိုထားပါတယ်။ ခရစ်ယာန် တို့အတွက် “ သေခြင်းတွင် အသက်သည် ပျောက်ဆုံး သွား သည်မ ဟုတ်ပဲ အခြေအနေ ပြောင်းလဲခြင်းသာဖြစ်သည်” ဟု ဖော်ပြထားပြန်တယ်။ ဒါတွေအားလုံး ကိုကြည့်လိုက်ရင် ခရစ်ယာန် တွေရဲ့ သေခြင်းကို တစ်စေ့တစ်စောင်းသဘော ပေါက်နိုင်ပါပြီ။ ခရစ်တော် ကိုယ်တော်တိုင်ပြော ပါတယ်။ “ငါသည် ရှင်ပြန်ထမြောက်ခြင်းနှင့်အသက်ရှင်ခြင်းဖြစ်၏။ ငါ့ကိုယုံကြည်သော သူသည် သေပြီး သော်လည်း အသက်ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်လျှက်အသက်ရှင်သောသူဟူသမျှသည် သေခြင်း နှင့်အ စဉ်ကင်း လွှတ်လိမ့်မည်။” လာဇရု ရှင်ပြန်စေခြင်းမှာ ခရစ်တော်ပြောခဲ့တဲ့ အာမခံချက် စကား ပဲဖြစ်ပါတယ်။ ဒေသနာတော်ဟောကြားရာ ကာလမှာ ခရစ်တော်ဟာ အံ့ဘွယ်ရာ တန်ခိုးတွေအမျိုးမျိုး ပြခဲ့ပါတယ်။ မုဆိုးမတစ်ဦးရဲ့သားကို ရှင်ပြန်စေခြင်း၊ လူတစ်ရာ တစ်မှူးရဲ့တစ်ပည့်ကို ပျောက်ကင်းစေခြင်း၊ အသက် ၁၂ နှစ်အရွယ် ကလေးမလေးတစ်ယောက်ကို ရှင်ပြန်စေခြင်း၊ မျက်စိကန်း၊ ခြေလက်မစွမ်းသန်၊ နားမကြားဆွံ့အ တဲ့သူတွေကို ကုသပျောက်ကင်း စေခဲ့ခြင်း စတဲ့ တန်ခိုးအံ့ဘွယ်ရာတွေကို ပြုလုပ်ခဲ့ပါတယ်။ သေလွန်ပြီး(၃) ရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်မယ် ဆိုတဲ့ စကားမှာ ခမည်းတော်ရဲ့ တန်ခိုးတော်မှာ သေခြင်းမှ ခရစ်တော်ဟာ ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ဒါကြောင့်ရှင်ပေါလူးက ပြောတယ်မဟုတ်လား၊ “ ခရစ်တော်သာရှင်ပြန် ထမြောက်ခြင်းမရှိရင် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းဟာ အလကားပဲ ဖြစ်မယ်။” လို့ဆိုထား ပါတယ်။ ခရစ်တော်ကို ယုံကြည်ပြီး ဆေးကြောခြင်းမှာ ခရစ်ယာန်ဖြစ်လာကြတဲ့ လူတွေဟာ ခရစ် တော်ရဲ့ သေခြင်းမှာ ပါဝင်ကြပြီး ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းမှာလည်း ပါဝင်နိုင်ခွင့်ရှိသူ တွေ ပဲဖြစ်ကြ ပါတယ်။ ရှင်ယောဟန် ၆/၅၁-၅၈ မှာ ဖတ်သွားသလို ခရစ်တော်ဟာ အသက်ပေး သောမုန့်တော်ဖြစ်တယ်။ သူက တိပေးတယ်။ “ငါ့ရဲ့အသားနဲ့ငါ့ရဲသွေးကိုသောက်သောသူသည် ထာဝရအသက်ရှင်လိမ့်မည်”။ ခရစ် ယာန်တို့ အတွက် မသေဆေးရှိတယ်။ ဒါကတော့ ခရစ်တော် ကိုယ်တိုင်ဖော်စပ်ပေးခဲ့တဲ့ ကိုယ်တော်မြတ် မင်္ဂလာ ပဲဖြစ် တယ်။ ခန္ဒာကိုယ်အတွက် မသေဆေး တော့မဟုတ်ဘူး။ ၀ိညာဉ်အတွက် မသေဆေးပဲ။ ထိုက်တန်စွာ မှီဝဲ စားသုံး သူတို့အတွက် ထာဝရ အသက် ကို အာမခံချက်ပေးပါတယ်/
ဒါဆိုရင် ခရစ်ယာန်တွေဟာ သေဖို့အတွက်မွေးလာတာလား။ ဆက်လက်ရှင်သန်ဖို့ အတွက်မွေး လာကြ တာ လား။ မေးစရာတွေဖြစ်နေပါပြီ။ ဟုတ်ပါတယ်။ အပြစ်ရင်းရဲ့ နောက်ဆက်တွဲ တွေကြောင့် လောကသဘာဝ နိယာမအရတော့ ခရစ်ယာန်တွေလည်း ကိုယ်ခန္ဒာ ယိုယွင်းပျက်စီးပြီး တစ်နေ့သေကြမှာချည်းပဲဖြစ်ပါတယ်။ သို့သော် သေခြင်းရဲ့နောက်ကွယ်မှာ အသက်ရှင်ခြင်းရှိတယ်။ (လူသေလူဖြစ်၊ လူဝင်စားခြင်း၊ reincarnation တွေဟာခရစ်ယာန်တို့ယုံကြည်ခြင်းမဟုတ်ပါ)။ ဒါကြောင့် ခရစ်ယာန်တွေအတွက် သေခြင်း ဆိုတာ ခရစ် တော်မှာ အိပ်ပျော်လိုက်ခြင်းပဲဖြစ်ပြီး ရှင်ပြန်ထ မြောက်ခြင်းမှာ အားလုံးနဲ့ အတူပြန်လည်နိုး ထလာပြီး ထာဝရ ဘုန်းတော် ကိုဝင် ရောက်စံစားရမှာဖြစ်တယ်။ ခရစ်ယာန်တွေဟာသေဖို့မွေးလာတာထက်ရှင် သန်ဖို့မွေး လာကြ တာပါ။ ဒါကြောင့်ခရစ်ယာန်ဘ၀သက်တာမှာ အသက်ရှင်ခြင်းရဲ့အဓိပါယ်ကို ရှာဖွေ တွေ့ ရှိနိုင်တယ်။ အမေရိ ကန်နိုင်ငံ နယူးယော့မြို့မှာ ကက်သလစ်ဆရာတော်ကြီးဖြစ်ခဲ့တဲ့ ဖူတန်ဂျေရှင်း က သူ့ရဲ့စာ အုပ်တစ် အုပ်မှာ သူရေးထားတယ်။ Life is worth living! “လူဘ၀သက်တာ ဟာ နေထိုင်ဘွယ်ရာ သက်တာ ဖြစ်ပါတယ်” ဆိုပြီး ရေးသားထုတ်ဝေခဲ့ ပါတယ်။ ခရစ်ယာန်တွေဟာ နေထိုင်ရာဘ၀သက်တာကို ဒုကခ၊ အနိဌာရုံလို့မမြင်တော့ပဲ။ ခရစ်တော်အားယုံကြည်ခြင်းမှာ ပျော်ရွှင်ဘွယ်ရာ ဘ၀သက်တာ အဖြစ်မြင် လာတယ်။ ဒါကြောင့် ရှင်သြဂုတ် စတင်းက ဆိုထားပါတယ်။ “ကျွန်ုပ်တိုခရစ်ယာန်တွေ ဟာ ရှင်ပြန်ထ မြောက်တော်မူ သော လူမျိုး တော်ဖြစ်တယ်။ အာလေလုယာ ဆိုတာ ကျွန်ုပ်တို့ရဲ ဓမသီချင်းပဲဖြစ်တယ်”။
We are Easter people and Alleluia is our song! ဆိုပြီး ရေးသားခဲ့ပါတယ်။ ဒါကြောင့် ခရစ်ယာန် တွေဟာ Born to die မဟုတ်တော့ပဲ Born to live! အဖြစ်ကို နေထိုင် သွားကြဖို့လိုအပ်နေပါပြီ။
ခရစ်ယာန်အဖြစ်အသက်ရှင်ခြင်း။
မသေသေးတဲ့အတွက် ကျွန်ုပ်တို့မှာ အသက်တော့ ရှိနေသေးတယ်။ We still have life! ဒါပေမယ့် ကျွန်ုပ် တို့တတွေ အသက်တာကိုရှင်သန်ကြရဲ့လား။ Are we alive? အသက်ရှိတာနဲ့ ရှင်သန်တာ နဲ့မတူသေးပါဘူး။ ကျွန်ုပ်တို့တော်တော်များများက အသက်ရှိတာလောက်လေးနဲ့ပဲ ကြေနပ်နေကြပြီး “ရှင်သန်ခြင်းအသက်တာ” ကို မဖော်ဆောင်ချင်ကြဘူး။ ရယူခြင်းမှာ ကျွန်ုပ်တို့ အသက်မွေး ၀မ်း ကြောင်းပြုကြတယ်။ ပေးဆက်ခြင်းမှာ ကျွန်ုပ်တို့ အသက်တာရှင်သန်ကြပါတယ်။ We make a living by what we get, but we make a life by what we give! မပေးဆက်ရှင် ရှင်သန်တဲ့ ဘ၀ သက်တာ မဖော်ဆောင်နိုင်ပါဘူး။ ဒါ့ကြောင့် ရှင်အီရီနေအူးက ဆိုထားပါတယ်။ “ ပြည့်ဝ ရှင်သန် သောအသက်တာသည် ဘုရား၏ဘုန်းဂုဏ်တော်ပင်ဖြစ်သည်”။ The glory of God is a man fully alive!.
မနေ့ က ရန်ကုန်မှာ အသက် ၈၅ နှစ် အရွယ်ရောက်ပြီ ဖြစ်တဲ့အဘိုးတစ်ဦး နဲ့ကျွန်ုပ်တွေ့ခဲ့ပါတယ်။ စကားပြော နေရင်း သူ့ကိုမေးမိတယ်။ အဘိုးဒီအသက်အရွယ်အထိ ရောက်ပေမယ့် သူငယ် မပြန်သေး ဘူးနော်။ သူ ကပြန် ပြောတယ်။ “သူငယ်မပြန်သေးဘူးထင်တာပဲ”။ သူ့အိပ်ယာခန်းမှာ စီထားတဲ့စာအုပ်တွေကို ကြည့်ပြီး “ အဘိုးနေ့တိုင်းစာဖတ်တုန်းပဲလား။” သူက “ နေ့တိုင်း ဖတ်တယ်။ ပျက်တဲ့နေ့ရယ်လို့သိပ်မရှိဘူး။ နက်ဖန်ဖတ် ဖို့အတွက် အိပ်ယာမ၀င်ခင်ကတည်းက စီစဉ်ထားပြီးသားပဲ။” ဒီနေရာမှာ ရှင်သန်ခြင်းရဲ့ အဓိပါယ်ကို တွေ့နိုင်တယ်။ ငယ်ရွယ်စဉ် အချိန်ကတည်းက စာပေနဲ့ မိတ်ဆွေဖြစ်လာတဲ့ လူတစ်ဦးရဲ့ ရှင်သန်ခြင်း အသက်တာပဲ။ အသက် (၉၅) အရွယ် ရှိလာတဲ့ကမ္ဘာကျော် စပိန်လူမျိုး တံယော ပညာရှင် Mr.Pablo Casals ဟာ အဲဒီအ သက်အရွယ်အထိ နေ့တိုင်း တစ်ရက်ကို (၆)နာရီ တံယောလေ့ကျင့်တယ်။ ဘာဖြစ် လို့ဒီ လောက် အထိ လေ့ကျင့်နေသေးသလဲ လို့လူတွေသူ့ကိုမေးတော့။ သူ့က “ ကိုယ့်ကိုယ်ကို တိုးတက်အောင် လေ့ကျင့် နေ တယ်လို့ထင်ပါတယ်။ I think I am making progress! လို့သူဖြေတယ်။ အ သက်တာ ကို ဘယ်လိုရှင် သန်ရမ လဲဆိုတဲ့ ပုံစံ နမူနာကောင်း တွေပဲဖြစ်ပါတယ်။
ခုနောက်ဆုံးအနေနဲ့ ဘ၀သက်တာရဲ့ရှင်သန်မှုနဲ့ပါတ်သက်တဲ့ မှတ်သားဘွယ်ရာ စကားတစ်ချို့ အကျဉ်း ချုပ်ပြီး တင်ပြသွားပါမယ်။
၁။ သင်ဘယ်လောက်ကောင်း နေသလဲဆိုတာထက် ဘယ်လောက်ထပ်ကောင်းချင်သလဲဆိုတာ ပိုအရေးကြီးပါ တယ်။ (It is not how good you are, but how good you want to be).
ကျွန်ုပ်တို့တွေ ကောင်းကြပါတယ်။ မကောင်းတာတွေလည်းရှိပါတယ်။ မကောင်းတာတွေကောင်း အောင် ပြုပြင်ရင်း အသက်ရှင်ကြရပါတယ်။ ဒီနေရာမှာ အရေးကြီးတာက ကျွန်ုပ်တို့တတွေ ဘယ်လောက်ကောင်းခဲ့ သလဲ။ ဘယ်လောက်ကောင်းလာကြသလဲ ဆိုတာ ထက် ဘယ်လောက်ထပ် ကောင်းချင်သေး သလဲ ဆိုတဲ့အ တွေးနဲ့ ဆန္ဒမှာ ကျွန်ုပ်တို့အနာဂတ်ဖော်ဆောင်ပါတယ်။
၂။ ဘ၀မှာ ဂုဏ်ပြုခံရတာထက်၊ ဂုဏ်ရှိရှိနေထိုင်ဖို့ကပိုအရေးကြီးပါတယ်။ ( It is better to be honorable than to be honored).
ကျွန်ုပ်တို့တတွေဟာ အဆင့်အတန်းအလျောက်၊ အသက်အရွယ် အလျောက် ဂုဏ်ပြု ခံခဲ့ ဘူးကြပါတယ်။ ဂုဏ်ပြု ခံရတိုင်းလည်း ဂုဏ်ရှိသူတွေမဖြစ်ကြပါဘူး။ ဒီအတွင်းသိကတော့ ကိုယ့်ဖါ သာ ကိုယ်ပဲသိကြပါတယ်။ မသာမာမှုနဲ့ စာမေးပွဲမှာ အမှတ်ကောင်း ကောင်းနဲ့အောင်မြင်တယ်။ သူ့ကိုဂုဏ်ပြုကြတယ်။ ဂုဏ်ပြုမှုကို ခံထိုက်သူ မဟုတ်ကြောင်းတော့ မိမိကိုယ်တိုင်သာသိပါတယ်။ ဒါကြောင့် ရှင်သန်တဲ့ဘ၀သက်တာမှာ ဂုဏ်ပြုခံ ရတာ၊ မခံရတာက အရေးမကြီး ပဲ၊ မိမိကိုယ်ကိုယ် ဂုဏ်ရှိသူ တစ်ဦးအဖြစ် နေထိုင်အသက်ရှင်ဖို့ကပိုအရေးကြီး ပါတယ်
၃။ အောင်မြင်ဖို့ထက် သစာ ရှိဖို့ သာဆုတောင်းပါတယ်။ ( I don’t pray for success, I pray for faithfulness).
ကရုဏာလူမှုရေးလုပ်ငန်းမှာ အောင်မြင် ခဲ့တဲ့ မာသာရထရေဇားကို လူတွေကမေးကြတယ်။ မာသာရ်ရဲ့ဘ၀ မှာ ဒီလိုအောင်မြင်ရှိလာအောင် ဘယ်လိုဆုတောင်းခဲ့တာလဲ လို့မေးတဲ့အခါ၊ မာ သာရ်ထ ရေဇားက “ ကျွန်မဘ၀ မှာ အောင်မြင်ဖို့အတွက် ဆုမတောင်းခဲ့ပါဘူး။ သစာရှိဖို့ပဲ ဆုတောင်းပါတယ်။ ” လို့ပြန်ဖြေခဲ့ပါတယ်။ ရှင်သန် ရာ ဘ၀တွေတိုင်းမှာ သစာ ရှိကြဖို့က အရေးကြီး ပါတယ်။ ကျွန်ုပ်တို့ရဲ့ ရယူပိုင်ဆိုင်ထားတဲ့ ဘ၀ မှာ ကျွန်ုပ်တို့ ရဲ့ သစာရှိခြင်းဟာ ကျွန်ုပ်တို့ ရဲ့အောင်မြင်မှုတွေပဲဖြစ်ပါတယ်။
၎။ သေးငယ်တဲ့အလုပ်ကို ကြီးမားတဲမေတ္တာနဲ့ လုပ်နိုင်တယ်။ ( Small things with great love)
မာသာရ်ထရေဇားဟာသူရဲ့ အလုပ်တွေနဲ့ပါတ်သက်ပြီး သတင်းထောက်တွေ၊ စာရေးဆရာတွေ က အင်တာ ဗျူးတွေ အမျိုးမျိုးလာမေးကြတယ်။ မေးလာတဲ့မေးခွန်းတိုင်းမှာ မာသာရ်ထရေဇားရဲ့ အဖြေ တွေက ရိုးရိုးလေး တွေပဲ။ ဒါပေမယ့် မှတ်သား စရာတော့ အများကြီးပါတယ်။ သူပြောပါတယ်။ “ ကျွန်မတို့ဘ၀မှာ ကြီးမားတဲ့ စီမံကိန်းကြီးတွေ အကောင်အထည်ဖော်လုပ်ဆောင်၊ နိုင်ချင်မှ လုပ်ဆောင်နိုင်မယ်။ ဒါပေမယ့် သေးငယ်တဲ့ အလုပ်တွေဖြစ်အုံးတောင် ကြီးမားတဲ့မေတ္တာ နဲ့လုပ်နိုင်ပါတယ်။“ အသက်တာ ရှင်သန်မှုမှာ ထားရှိအပ်တဲ့ ကောင်းမြတ်တဲ့ စိတ်နေ စိတ်ထား တွေပဲဖြစ်ပါတယ်။
၅။ ဘယ်လောက်လုပ်ဆောင်ခဲ့သလဲဆိုတာထက် လုပ်ခဲ့တဲ့လုပ်ငန်းအပေါ်မှာ ဘယ်လောက်မေတ္တာ ထားခဲ့ သလဲ ဆိုတာပိုအရေးကြီးပါတယ်။ ( Important is not how much we have done, but how much love we have put in our doings)
ကရုဏာရှင် မာသာရ်ထရေဇားဟာ ရှင်သန်တဲ့အသက်တာအတွင်းမှာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ ကို လူသန်းပေါင်းများစွာတို့အား ထိတွေ့ခံစားစေခဲ့ပါတယ်။ ဘုရားကိုလူတွေမတွေ့နိုင်ပါဘူး။ ဘုရား ရဲ့မေတ္တာ ကရုဏာကိုတော့ လူတွေ ထိတွေခံစားနိုင်ပါတယ်။ ဒါ့ကြောင့်လုပ်ဆောင်တဲ့ လုပ်ငန်း တိုင်းမှာ မေတ္တာ ကရုဏာ ရှေ့ထားလုပ်ဆောင်ကြဖို့ မာသာရ်ထရေဇားက ပြောခဲ့ခြင်းဖြစ်ပါတယ်။ သူ့စကားက တော့ “ ကျွန်မတို့ဘ၀ ဘာတွေလုပ်ဆောင်ခဲ့တယ်၊ ဘယ်လောက်အထိ လုပ်ဆောင်ခဲ့ တယ်ဆိုတာ ထက် လုပ်ဆောင်ခဲ့ တဲ့ လုပ်ငန်း အပေါ် မှာ ဘယ်လောက်မေတ္တာ ထားလုပ်ဆောင်ခဲ့ သလဲ ဆိုတာပဲ အရေးကြီးပါတယ်” လို့ ဆိုခဲ့ပါ တယ်။
၆။ ရှင်သလို၊ သေကြလိမ့်မယ်။ ( We will die in the way we live)
ကျွန်ုပ်တို့ အသက်ရှင်သလို ကျွန်ုပ်တို့သေသွားကြ မှာပါပဲ။ ဒါကြောင့် အသက်ရှင်စဉ်အတွင်း အကောင်းဆုံး ရှင်သန်ကြဖို့ကလိုအပ်ပါတယ်။ ရရှိလာတဲ့လူ့ဘ၀သက်တာမှာ အကောင်းဆုံးရှင် သန်အ သက်ရှင်ခြင်းဟာ သေခြင်းအတွက် အကောင်း ဆုံးပြင်ဆင်ခြင်းပါပဲ။ သေခြင်း ဟာကျွန်ုပ် တို့ဆီကို ဘယ်အချိန် ရောက်လာမလဲ ဆိုတာထက် သေခြင်းရောက်လာချိန်မှာ ကျွန်ုပ်တို့တ တွေဘယ်လို ပြင်ဆင်ပြီးသားဖြစ်နေသလဲဆိုတာကပို အရေးကြီးပါတယ်။ ဒါကြောင့် နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ မှာ သေလွန်သူများအတွက်ဆုတောင်းပေးရာ လဖြစ် သလို ကျွန်ုပ်တို့တစ်ဦး စီရဲ့ ကောင်းသောသေခြင်းနဲ့ ဘယ်လို သေနိုင်မလဲဆိုတဲ့ ဆန်းစစ်ပြင်ဆင် ရာလ လည်းဖြစ်ပါတယ်။
၇။ အသက်ရှင်စဉ်အတွင်း သေခြင်းရဲ့လေ့ကျင့်ခန်းတွေလုပ်ဆောင်ထားပါ။ (Learning to die while still alive)
တစ်သက်မှာ တစ်ခါသာသေရမှာပါ။ မသေခင်မှာ သေခြင်းနဲ့ဆိုင်တဲ့ လေ့ကျင့်ခန်းလေး တွေကို လေ့လာ ကျင့်ယူနိုင်ပါ တယ်။ သေသွားတဲ့သူတစ်ဦး မှာ လောကနဲ့ဆိုင်တဲ့ အကြား၊ အမြင်၊ အထိ အတွေ့၊ အရသာ တို့ လုံးဝ ချုပ်ငြိမ်းသွားပါပြီ။ လိုချင်တတ်မက်မှု တွေလည်း မရှိတော့ပါ။ လောဘရမက်လည်းမရှိတော့ပါဘူး။ ဒါတွေ ဟာ သေသွားတဲ့ သူတစ်ဦးမှာ တွေ့မြင် ရတဲ့ အခြေ အနေပါပဲ။ ရှင်တဲ့သူတွေမှာ လည်း ဒီ အမူ အကျင့် လေးတွေကို တစ်နည်းမဟုတ်တစ်နည်း မိမိနေ့စဉ်ဘ၀မှာ ဖော်ပြ ကြပါတယ်။ စားချင်တဲ့ အစားအစာတိုင်း ကျွန်ုပ်တို့တတွေ မစားနိုင်ကြပါဘူး။ သွားချင်တဲ့ခရီးတိုင်း လည်းမသွားနိုင်ကြပါဘူး။ ကြည့်ချင်တဲ့မြင် ကွင်းတိုင်းလည်း မကြည့် နိုင်ကြပါဘူး။ ပြောချင်တဲ့စကားတိုင်းလည်း မပြောနိုင်ကြပါဘူး။ ဒီကန့်သတ်မှုဘောင် မှာ ကျွန်ုပ်တို့တတွေ အသက်ရှင်နေထိုင်ကြပါတယ်။ ဒါတွေကို သတိရှိရှိနဲ့ နေထိုင်ပြုမှု တတ်တယ်ဆိုရင် သေခြင်းနဲ့ ဆိုင်တဲ့ လေ့ ကျင့်ခန်းလေးတွေကို လေ့လာသင်ယူနေတာပဲဖြစ်ပါတယ်။ အင်္ဂလိပ် စကားမှာတွေ့ ရတဲ့ Mortification ဆိုတဲ့ မိမိကိုယ်ကိုငြင်းပယ်ခြင်း၊ အနစ်နာခံခြင်း တွေဟာ လာတင်းစကားကလာတဲ့ Morta ကအခြေခံပြီး ” သေခြင်း” အနက်ကိုဖော်ဆောင်ပါတယ်။ အသက် ကိုဘုရားပိုင်တယ်။ မိမိအသက်ကို သော်လည်းကောင်း၊ သူတစ်ပါးအ သက်ကိုသော်လည်း၊ ထိပါး၊ ဆုံးရှုံးခြင်းမပြုလုပ်နိုင်ပါဘူး။ သေခြင်းနဲ့ဆိုင်တဲ့ လေ့ကျင့်ခန်းများမှာတော့ မိမိ ကိုယ်ကို အဆင်သင့်ဖြစ်အောင် ကြိုးစားပြင်ဆင်ခြင်းပဲဖြစ်တယ်။ ဒီနေရာမှာ ရှင်ပေါလူးရဲ့ စကားကို သတိယ ကြရအောင်။ ရှင်ပေါလူးက “ ငါတို့သည်၊ ရှင်သော်လည်းကောင်း၊ သေသော် လည်းကောင်း၊ ခရစ်တော်မှာ ဖြစ်ကြ၏” လို့ဆိုထားပါတယ်။ “ အသက်ရှင်နေတဲ့ ငါ ဟာ၊ ငါ မဟုတ်ဘူး၊ ခရစ်တော် ငါ မှာ အသက်ရှင်တယ်” ဆိုတဲ့စကားတွေဟာ အသက်ရှင်စဉ်အတွင်း ရှင်ပေါလူးရဲ့ လေ့ကျင့်ခန်း လေး တွေပဲဖြစ်ပါ တယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာက၊ ခရစ်ယာန်တွေဟာ သေဖို့အတွက်မွေးလာတာမဟုတ်ပဲ၊ ရှင်ဖို့ အတွက်မွေးလာပါတယ်။ မသေတော့ဘူးလို့တော့မဆိုလိုဘူး။ သေခြင်းရဲ့နောက်ကွယ်မှာ အသက် ရှင်ခြင်းရှိတယ်ဆိုတာ ခရစ်ယာန်တို့ယုံကြည်တယ်။ ရှင်ပြန်ထမြောက်တော်မူတဲ့ အသက်သခင် ခရစ်တော်ရှင်ရဲ့ အာမခံချက် ကတိ စကားကြောင့် ပဲဖြစ်ပါတယ်။
ဖါသာရ် ဟင်နရီအိုင်ခလိန်
November 5, 2012
( Meditation given at the Catholic cemetery of Kanazogone on November 1, 2012: Text Reedited )
No comments:
Post a Comment