Monday, 23 June 2014

နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်ရမည့်ခရစ်ယာန်တို့အခန်းကဏ္ဍ (Christian Participation in Nation Building)




နိဒါန်း။
ခရစ်ယာန်တွေဆိုတာ မိုးပေါ်ကကျ လာတဲ့လူသားတွေလား။ မဟုတ်ကြပါဘူး။ လူတွေထဲက လူသား တွေပါ။ နိုင်ငံတော်ထဲကနိုင်ငံသားတွေပါပဲ။ ဒီနှစ်ကျွန်ုပ်တို့တတွေ အတူတူ လေ့လာ သုံးသပ်ကြမယ့် အကြောင်းအရာကတော”နိုင်ငံတော်တည်ဆောက်ရေးတွင်ပါဝင်ရမည့် ခရစ်ယာန်တို့ရဲ့အခန်းကဏ္ဍ” အကြောင်းလို့ဖော်ပြထားတာကိုတွေ့ရပါတယ်။ နိုင်ငံတော်ထဲကနိုင်ငံသားများတွေဖြစ်ကြတဲ့ ကျွန်ုပ် တို့ခရစ်ယာန်တွေဟာ ဒီနိုင်ငံတော်တည်ဆောက်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်း သာယာ စည်ပင်ဝပြောရေးမှာ ပါဝင်သက်ဆိုင်သူ (Stakeholders) များဖြစ်ကြပါတယ်။ ကျွန်ုပ်တို့မှာ သက်ဆိုင် သူများဖြစ်သလို၊ တာဝန်ရှိသူများ (Responsible) လည်းဖြစ်လာကြပါတယ်။

ပြည်ထောင်စုမြန်မာ နိုင်ငံတော်မှာ မှီတင်းနေထိုင်ကြတဲ့ ကျွန်ုပ်တို့တတွေဟာ ခရစ်တော်နောက် လိုက်သူများ (followers of Christ) အဖြစ်၊ ခရစ်ယာန်များ(Christians) များအဖြစ် နေထိုင် အသက်ရှင်၊ သက်သေခံ ( Witness) လာကြတယ်။ ရှေးဦးသာသနာပြုတွေ လာရောက် ဟောပြော တဲ့ ဧ၀ဂေလိ သတင်းကောင်းတော် နဲ့ ကြဲချခဲ့တဲ့ ယုံကြည်ခြင်းမျိုးစေ့တွေကြောင့် ခရစ်ယာန်ပင်စည်၊ ပင်မကြီးတွေဟာ မြန်မာ့ရေခံမြေခံမှာ ယခု လိုထွက်ပေါ်လာနေတာပဲဖြစ်ပါတယ်။  ကျွန်ုပ်တို့ခရစ် ယာန်တွေဟာ တောအုပ်ထဲ ကသီးခြားရပ်တည်နေတဲ့ သစ်ပင်တွေလို မဟုတ်ပဲ တောတောင်ရေမြေ သဘာဝကို သာယာလှပအောင်ချယ်သတဲ့ အခြားသစ်ပင်ပန်းမာလ် တွေနဲ့အတူပေါင်း စည်းရပ် တည် နေသူတွေဖြစ်တယ် ဆိုတာကို ဒီကနေ့ကျွန်ုပ်တို့တတွေသိမြင်ကြရပါလိမ့်မယ်။ ဒီအသိတွေဟာ ကျွန်ုပ်တို့ ခရစ်ယာန်တွေမှာ နက်ရှိုင်းလာ တဲ့နဲ့ အမျှ ကျွန်ုပ်ပါဝင်နေတဲ့အခန်း ကဏ္ဍရဲ့ လေးနက် မှုကိုလား ပိုမို သတိပြု လာနိုင်ကြ မှာဖြစ်ပါတယ်။ ဒီအတွေးအမြင်ပေါ်မှာ အခြေပြု ပြီး ဒီစာတမ်း လေး ကို စုစည်း တင်ပြ လိုက်ခြင်း ပဲဖြစ်ပါတယ်။




နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်ခဲ့တဲ့ခရစ်တော်ရဲ့အခန်းကဏ္ဍ

နိုင်ငံတော်တည်လုနီးပြီ၊ နောင်တရကြလော့၊ ဧ၀ံဂေလိသတင်းကောင်းတော်မှာ ယုံကြည်ကြလော့။ ဆို တဲ့ သတင်းစကားနဲ့ ခရစ်တော်ဟာ သူ့ရဲ့ ဒေသနာခရီး (Public Ministry) စတင်ခဲ့ပါတယ်။ ဒေသ ခံပြည်သူလူထု ရဲ့ မျှော်လင့်ချက်ကတော့ သူတို့ကို ရောမားတွေရဲ့လက်အောက်က လွတ်မြောက် အောင်ကယ်တင်မယ့်သူ။ အာဏာပိုင်အဖွဲ့အစည်းပိုင်းကတော့ သူဟာ ယုဒထုံးတမ်းစဉ်လာကို ဆန့် ကျင်တဲ့ တော်လှန်ရေးသမား။ ဒီလိုကွဲပြား တဲ့အမြင်တွေနဲ့ မျှော်လင့်သူတွေကြားမှာ ခရစ်တော် ရှင်ဟာ ဒေသနာတော်ခရီးကို စတင်ခဲ့ရပါတယ်။ အတိုက်အခံတွေ များခဲ့ပါတယ်။ သူ့ရဲ့ ဆွေမျိုးရင်း တွေတောင် သူ့ကိုနားမလည်ခဲ့ကြပါဘူး။ သူ့လုပ်ဆောင်ရမယ့် အလုပ်တွေကို သူသိတယ်။ ဆီဇာ နဲ့ဆိုင်ရာကို ဆီဇာ ကိုပေး၊ ကောင်းကင်နဲ့ဆိုင်တာကို ကောင်းကင်ကိုပေး။ ဆိုတဲ့ ရပ်တည်ချက်မှာ သူ့လျှေက်ရမယ့် လမ်းကိုသူသိတယ်။ သူလုပ်ဆောင်တယ်။ ယောဟန်( John The Baptist) တောင် ဇဝေ ဇ၀ါ ဖြစ်တဲ့အခါမှာ ရှင်းလင်း အောင်သူပြန်ပြောလိုက်သေးတယ်။ ”သင်တို့မြင်ရ၊ ကြားရသမျှကို ယောဟန်ကြားပြန်ပြောပြကြပါ။ မျက်စိကန်းတဲ့သူတွေမြင်ရပြီး။ ခြေမသန်တဲ့သူတွေလမ်း လျှောက် နိုင်ပြီ။  ဆွံ့အတဲ့သူတွေ စကားပြောနိုင်ပြီ။” ပြောချင်တာက သူဟာ လူတွေ စောင့်မျှော်နေကြတဲ့ မက်ဆီးယား အစစ်အမှန်ပါပဲ။ ဒါပေမယ့် သူ့ရဲနောက်ဆုံးသက်သေခံချက်က သူဟာ နိုင်ငံတော်ကို တည်ထောင်သူဖြစ်တယ်။ သို့သော်၊  သူ့ရဲ့နိုင်ငံက ဒီလောက နိုင်ငံတော်နဲ့မဆိုင်ဘူး။ မတရား နိုင်ထက်စီးနင်၊ ဗိုလ်ကျ အုပ်ချုပ်မင်း လုပ်တဲ့ဘုရင်မဟုတ်ဘူး၊ အစေခံတကာတို့ရဲ့အစေခံ ဆိုတဲ့ စိတ်နဲ့ ခေါင်း ဆောင်မှုပြု သူဖြစ်တယ်။ သူ့ရဲ့စံပြနိုင်ငံတော်ဆိုတာ ” တရားမျှတခြင်း၊ ငြိမ်းချမ်း သာ ယာခြင်း နဲ့ ၀ိညာဉ်တော်မှာ ရွှင်လန်းဝမ်းမြောက်ခြင်းရှိတဲ့ အဖွဲ့အစည်း” ( ရောမား ၁၇/ ၁၄) ပဲဖြစ် ပါတယ်။

နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်ခဲ့ကြတဲ့ တမန်တော်များရဲ့ အခန်းကဏ္ဍ

ဆရာသခင်ရဲ့ ခြေရာကိုနင်းခဲ့ကြတဲ့ တမန်တော်များ တွေဟာလည်း သူတို့ဖြတ်သန်းခဲ့ကြတဲ့ သူတို့ ခေတ် အချိန်အခါရဲ့ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေမှာ တစ်ခန်းတစ်ကဏ္ဍ ကနေပါဝင် ခဲ့ကြတာကိုတွေ့နိုင်ပါတယ်။ ကနဦးအသင်းတော် (Early Church) ဟာ နှစ်ပေါင်း (၃၀၀) အထိ ညှင်း ပန်းနှိပ်စက် ခြင်းအမျိုးမျိုး ခံခဲ့ရပြီး၊ အေဒီ ၃၁၃၊ ခုနှစ် မီလန်ကြေညာစာတမ်းမှာကျမှ ညှင်းပန်း နှိပ် စက်ခြင်းတွေရပ်ဆိုင်းခဲ့တယ်လို့အသင်းတော်သမိုင်းမှာဖော်ပြထားတယ်။ ခရစ်တော်ရဲ့ နောက်လိုက် တမန်တော်ကြီ တွေအားလုံးဟာလည်း ဒီလိုခက်ခဲတဲ့အချိန်ကာလတွေကို ကျော်ဖြတ်ရင်း နိုင်ငံ တော်တည်ဆောက်ရေးမှာ သက်သေခံခဲ့ကြသူတွေ ဖြစ်လာတယ်။ သက်သေတော်တွေရဲ့ သွေး တွေဟာ ခရစ်ယာန်တွေ ရှင်သန်လာဖို့အတွက် မျိုးစေ့တွေဖြစ်တာတယ်။ (The blood of Martyrs has become the seeds of Christianity) လို့ ရှေးဦး ခရစ်ယာန် စာပေတွေမှာ ရေးသားခဲ့ကြတယ်။ အာဏာပိုင်၊ အုပ်ချုပ်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ကြသလို၊ လိမ်မာ ပါးနပ်စွာ နဲ့၊ သံခင်း တမန်ခင်း နည်းလမ်းတွေနဲ့ ချည်းကပ်အကောင်အထည်ဖော်မှုတွေကို လည်း တွေ့မြင်နိုင်ပါတယ်။ လုပ်ဆောင်ချက်တွေအားလုံးရဲ့အဓီက ဦတည်မျှော်မှန်းချက်ကတော့ ဆရာသခင် ကိုယ်တိုင်သွန်သင် ထားတဲ့ ဆုတောင်းမေတ္တာ မှာ အတိအလင်းဖော်ပြထားသလို ” နိုင်ငံတော် တည်ထောင်ပါစေ၊ အလို တော်သည်ကောင်းကင်ဘုံမှာ ပြည့်စုံသလို မြေကြီးပေါ်မှာ လည်းပြည့်စုံပါစေ” ဆိုတဲ့ စကားပါပဲ။ ဒီလမ်းညွှန်ချက် အောက်မှာ တမန်တော်ကြီးတွေအားလုံးဟာ မကြောက်မရွံ့ ပဲ မိမိ  တို့ ကျရာ အခန်း ကဏ္ဍများမှာ တာဝန်ကျေပြွှန်ခဲ့ကြပါတယ်။ တမန်တော်ကြီး တို့ကတဆင့် အရိုက် အရာ ဆက်ခံခဲ့ ကြတဲ့ သာသနာ့ခေါင်းဆောင် ကြီးများတွေဟာ ရာစုအလီလီကိုကျော်ဖြတ်ပြီး ဒီကနေ့ (၂၁) ရာစု အစဦးပိုင်းအချိန်အထိ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွေကို ကျရာ ကဏ္ဍ အသီး သီးက ပါဝင် လာကြတာဟာ သမိုင်းကသက်သေထူနေပါတယ်။

မြန်မာနိုင်ငံတော်သစ်တည်ဆောက်ရေးမှာ ခရစ်ယာန်တစ်ဦးစီ ပါဝင်ရမယ့်အခန်းကဏ္ဍ

ခရစ်ယာန်သာသနာတော်ဟာ မြန်မာ့မြေကို ရောက်ရှိလာခဲ့တာ အခုဆို နှစ်ပေါင်း (၄၀၀) ကျော်ရှိ လာ ပါပြီ။ ရေခံမြေခံ၊ ဒေသရဲ့အနေအထား နဲ့ အခင်းအကျင်းကတော့ သူ့ခေတ်နဲ့သူ့အခါဆိုသလို ကွာခြားမှု တွေတော့ အများကြီးပါပဲ။ သက်ဦးဆံပိုင်ဘုရင်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ် (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ) တွေအမျိုးမျိုးဖြတ်သန်းလာခဲ့ကြပါတယ်။ သူ့ခေတ်နဲ့သူ့စနစ်မှာ နေတတ် ထိုင် တတ်မှုလေးတွေ ရှိအောင် ရောက်လာကြတဲ့ ခရစ်ယာန်သာသနာပြုများတွေဟာ အုပ်ချုပ်မင်း လုပ်တဲ့သူတွေနဲ့ တိုးဝင်ချည်းကပ်၊ ရင်းနှီးခင်မင်မှုတွေ တည်ဆောက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ခရစ်ယာန် ယုံကြည်ခြင်း မျိုးစေ့လေးတွေ ဟာ မြန်မာ့မြေပေါ် မှာ ကျရောက် ရှင်သန်လာ နိုင်ခဲ့ခြင်းပဲဖြစ် ပါတယ်။ အခုအခါ မှာ ခရစ်ယာန်သာသနာ တော်ဟာမြန်မာ့ မြေမှာ  ပြည်နယ်/ တိုင်းဒေသကြီး အစုံ ပြန့်နှံ့ ရောက်ရှိ နေပါပြီ။ နိုင်ငံတော်ရဲ့ လက်ရှိ လူဦးရေ ရာခိုင်နှုန်း နဲ့ တွက်ကြည့် ရင်တော့ အရေအတွက် အားဖြင့် ရာခိုင်နှုန်း အချိုးနည်း နေသေးတဲ့ အခြေအနေမှာ ရှိပေမယ့် တစ်ဦးစီနဲ့ တစ်ဖွဲ့စီ ရဲ့ စုစည်းမှု၊ အရည်အသွေး ထက်မြက်မှုမှာ အားရ စရာဖြစ်နိုင်ပါတယ်။

က။  ခရစ်ယာန်အချင်းချင်းပေါင်းစည်းခြင်းရဲ့အားဖြင့်

ဆရာသခင်ခရစ်တော်ရဲ့ နာမတော် အရိပ်အောက်မှာ ကျွန်ုပ်တို့တတွေ ခရစ်ယာန်ဖြစ်လာကြပါတယ်။ ကျော်ဖြတ် လာတဲ့သမိုင်းရဲ့ အကွေ့အလှည့်တွေမှ ကျွန်ုပ်တို့ခရစ်ယာန်များတွေဟာ အသင်းတွေ၊ ဂိုဏ်းကွဲတွေ အနေနဲ့ကွဲပြား၊ ခြားနားမှုလေးတွေ ဖြစ်ပေါ် လာခဲ့ကြတယ်။ ဖြစ်ပျက်ခဲ့တဲ့သမိုင်းကို ကျွန်ုပ်တို့စောဒက မတက်ချင်ကြတော့ပါဘူး။ ကမ္ဘာနဲ့ယှဉ်ဖြစ်ခဲ့တဲ့ အရှိန်အဟုန်တွေကို လည်း ကျွန်ုပ်တို့ တားဆီးနိုင်စွမ်းမရှိခဲ့ကြပါဘူး။ မြန်မာ့ရေခံမြေခံအနေအထားနဲ့ပဲ ကျွန်ုပ်တို့ တည်ပြီးပြော ကြမယ်ဆိုရင် ကျွန်ုပ်ခရစ်ယာန်တွေ အချင်းချင်းပေါင်းစည်းခြင်းစံနမူနာ အားဖြင့် နိုင်ငံတော်သစ် တည် ဆောက်ရေးမှာ အခန်းကဏ္ဍတစ်ခုကနေပါဝင်နိုင်ပါတယ်။ ပါဝင်ဖို့ရန်လည်း ကျွန်ုပ်တို့တတွေ တာဝန်ရှိ နေပါတယ်။ လက်ရှိအခြေအနေမှာ CBCM နဲ့ MCC တို့ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ပေါင်း စည်းမှု အနေအထားတွေဟာ အားရစရာကောင်းပါတယ်။ အစဉ်အလာမပျက်နှစ်စဉ် ပြုလုပ် ကျင်းပ နိုင်တဲ့ စည်းလုံးညီညွတ်ခြင်း ရက်သတ္တပါတ်၊ ငြိမ်းချမ်ရေးအတွက် ဆုတောင်းရာရက် သတ္တ ပါတ်နဲ့ အခုလို စုပေါင်း ပြုလုပ်တဲ့ ဆုတောင်းပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ တွေဟာ မြန်မာ့ ရေခံမြေခံမှာ ခရစ်ယာန်တွေ အချင်းချင်း ပေါင်း စည်း ညီညွှတ်ခြင်းရဲ့ကိုဖော်ပြနေတဲ့ စံနမူနာ တွေပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ တတွေဒါထက်ပိုပြီးတွေ့ဆုံကြရပါမယ်။ စည်းလုံးကြရပါမယ်။ ဂျေရုဇလင်မှာ စုစည်းခဲ့ကြတဲ့ ရှေးဦးခရစ်ယာန်ရဲ့ စည်းလုံးခြင်းကို မြင်တွေ့ သူတွေချီးမွမ်း အတုယူ ကြသလို မြန်မာ့မြေမှာ မွေးဖွား လာတဲ့ ကျွန်ုပ်တို့ခရစ်ယာန်များတွေရဲ့ စည်းလုံးခြင်းဟာ စည်းလုံးညီညွတ်သော၊ အေးချမ်း သာယာ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည် ဆောက်ရေး မှာ တစ်ခန်းတစ်ကဏ္ဍက ပါဝင်ဖော် ဆောင် နေခြင်းဖြစ်ပါလိမ့်မယ်။ ခရစ်ယာန်အချင်းချင်းပိုမိုစည်းလုံးညီညွှတ်ခြင်းဖြစ်ပေါ်လာအောင် ဖော်ဆောင် နိုင်မယ့် တွေ့ဆုံပွဲတွေ၊ ဆုတောင်းပွဲတွေ၊ အမြင်ခြင်းနှီးနှော ဖလှယ်ပွဲတွေကို အခုလက်ရှိ အနေ အထားထက် ပိုမို တိုးမြှင့် ဆောင်ရွက် ရန်လို အပ်နေပါတယ်။ တစ်ကမ္ဘာ တစ်ရွာ ဖြစ်လာနေတဲ့ခေတ် မှာ ကျွန်ုပ်တို့တတွေ တစ်ဦးနဲ့တစ်ဦး ပိုမို နီးစပ်၊ နီးကပ်ဖို့လိုပါပြီ။ တူညီတဲ့ ဘုံ ရပ်တည်ချက်တွေကို ရှာဖွေဖော်ထုတ်ပြီး စုပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ကြမယ်ဆိုရင် ဒါတွေဟာ လည်းနိုင်ငံ တော်တည်ဆောက်ရေး လို့ခေါ်တဲ (Nation Building) မှာ ကျွန်ုပ်ခရစ်ယာန်တွေဘက်က ပါဝင် ဆောင်ရွက်မှု (Contribution) ဖြစ်လာ ပါလိမ့်မယ်။


ခ။  မေတ္တာ တရားလုပ်ငန်း တွေအားဖြင့်

ဘုရားကို ဘယ်သူမှ မတွေ့ဘူးကြပါဘူး။ အသက်ရှင်လျက်နဲ့ ဘယ်သူမှလည်း ဘုရား ကို တွေ့ကြ မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ယုံကြည်သူတွေဟာ ဘုရားရဲ့လက်ယာတွေကို တွေ့မြင် နိုင်ကြပါ တယ်။ ကျွန်ုပ်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ချစ်ခင်ခြင်းမှာ ဘုရားကို ကျွန်ုပ်တို့ ထိတွေ့ နိုင် တယ်။ ဘာကြောင့်လဲဆိုတော့“ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏” (၁ ယောဟန် ၄/၈)။
၂၀၀၈ ခုနှစ်တုန်းက အင်အားပြင်းထန်တဲ့ဆိုင်ကလုန်းနာဂစ်ဟာ ဧရာဝတီတိုင်း မြို့နယ်တစ်ချို့ကို တိုက်ခတ်သွားခဲ့တယ်။ လူတွေသိန်းနဲ့ချီသေပြီး သန်းနဲ့ချီ အိုးအိမ်ပျက်စီး ဆုံးရှုံး မှုတွေဖြစ်ခဲ့ ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ခရစ်ယာန်အသင်းတော် တွေက ဦးစီးပြီး ပါဝင်ဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေလည်း အများကြီးပါပဲ။ အခြားဘာသာရေးအသင်း အဖွဲ့ တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေလည်း လုပ်ဆောင်နိုင်တဲ့ ကဏ္ဍအသီးသီးကနေ ပါဝင်ကြ တယ်။ အဲဒီအချိန်မှာ ထူးခြားစွာ တွေ့မြင်ရတဲ့ အရာတစ်ခုက ဒုကရောက်နေသူကို ကူညီကယ် ဆယ်ရေး မှာလူမျိုး၊ ဘာသာခွဲခြားမှု မရှိတော့ပဲ အားလုံးဟာ အတူတူသော အကူအညီလို အပ်နေ သူတွေဖြစ်တယ်။ ဆိုတဲ့ အမြင်တစ်ခုကိုရရှိသွားခဲ့ကြတယ်။ လူမျိုး၊ ဘာသာကိုကျော် လွန်ပြီး မေတ္တာ တရား ဆိုတာကို ကူညီကယ်ဆယ်ရေးလုပ်ငန်းအား ဖြင့်ဖော်ပြနိုင်ခဲ့ကြပါတယ်။

မေတ္တာ၊ ကရုဏာလုပ်ငန်းမှာ ထင်ရှားခဲ့တဲ့ မာသာရ်ထရေဇားကို တစ်နေ့တော့ သတင်း ထောက် တွေကလူမျိုးဘာသာမခွဲခြား ပဲ အခုလို ကရုဏာလုပ်ငန်း ကိုလုပ်ဆောင်တဲ့အခါမှာ လူမမာ တွေကို ခရစ်တော် အကြောင်းနဲ့ပါတ်သက်ပြီး ဘယ်လို သက်သေခံသလဲလို့မေးတဲ့ အခါ မာသာရ်ထရေဇား က လူမမာတွေကို ခရစ်ယာန်ဘာသာ ထဲဝင်ဖို့ မတိုက်တွန်းပါဘူး။ ဒါပေမယ့် တစ်ခါတော့ သေခါနီး လူမမာတစ်ဦးကိုမေး မေးဖူးပါတယ်။ ခရစ်တော်အကြောင်းကို မသိချင်ဘူးလားလို့ မေးတဲ့ အခါ သူက မာသာရ်ပြောတဲ့ ခရစ်တော်ဆိုတာ မာသာရ်နဲ့တူလို့လား လို့သူက ပြန်မေးတယ်။ အဲဒီ အခါမှာ ကျွန်မကသူကို ပြောတယ်။ ခရစ်တော်ဟာ ကျွန်မနဲ့ တူသလားဆိုတာ ထက် ကျွန်မက သူနဲ့တူ အောင်ကြိုးစားရတဲ့သူပါ။ လို့ပြန်ဖြေခဲ့တယ်။ ဘုရားကို ကျွန်ုပ် တို့တတွေ့ မတွေ့နိုင်ပါဘူး။  ဒါပေ မယ့် ဘုရား ရဲ့ မေတ္တာ၊ ကရုဏာ ကို နီးစပ်တဲ့လူတွေဆီကတဆင့် ထိတွေ့ သိမြင်နိုင်ပါတယ်။ ဒီတော့ နိုင်ငံတော်တည်ဆောက်ရေးမှာ ကျွန်ုပ်တို့ခရစ်ယာန်တွေဟာဘုရားရဲ့ ချစ်ခြင်းမေတ္တာ ဖော်ပြ သက် သေခံတဲ့ သူတွေ အဖြစ် ပါဝင် ကြရမှာဖြစ်ပါတယ်။

ဂ။ တရားမျှတခြင်းနဲ့ ငြိမ်းချမ်းသာယာခြင်း ကိုဖော်ဆောင်ခြင်းအားဖြင့်

ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ပါတ်သက်ပြီး ရှင်ပေါလူး က ရောမားမြို့သူမြို့သားများကို ရေးတဲ့ စာစောင် မှာ အဓိပါယ်ဖွင့် ဆိုထား တာက ” ဘုရားသခင်၏နိုင်ငံတော်သည် တရားမျှတခြင်း၊ ငြိမ်းချမ်းသာ ယာ ခြင်းနှင့် ၀ိညာဉ်တော်မှာ ၀မ်းမြောက်ရွှင်လန်းခြင်းဖြစ်သည်” ( ရောမား ၁၇/ ၁၄) လို့ဆိုထားပါတယ်။ မြန်မာ့မြေမှာ နိုင်ငံတော်တည်ဆောက်ခြင်း ဆိုတာ ဘာသာတရားများရဲ့အထိမ်းအကွပ် ၊ ဆုံးမသွန် သင်မှုမှာ တရားမျှတသော၊ ငြိမ်းချမ်းသာယာသော လူအဖွဲ့အစည်းကို တည်ဆောက်ခြင်း ပဲဖြစ် ပါ တယ်။ လူတိုင်း ခရစ်ယာန်ဘာသာဝင် ဖြစ်လာရမယ် ဆိုတာတော့ ဘာသာအစွဲ တယူသန်လွန်းရာ ကျတတ်ပါတယ်။ ဒါပေမယ့်လူတိုင်း သမာတရားမှာ ရပ်တည်ရေး၊ တရားမျှတမှုကို လိုလားရေး၊ ငြိမ်းချမ်းသာယာမှုကို မြတ်နိုးရေးဆိုတဲ့ ဧ၀ံဂေလိ သတင်းကောင်း နဲ့တန်ဖိုး ကိုလူတိုင်း ကျင့်သုံး နိုင်အောင်တော့ ကျွန်ုပ်တို့လုပ်ဆောင် ကောင်းပါတယ်။ ကျွန်ုပ်တို့ခရစ်ယာန်တွေမှာ ရှိတဲ့ ဒီ ကောင်းမြတ် ခြင်းတွေ ကို လူတိုင်းလက်ဝယ်ရောက်ရှိ ကျင့်သုံးကြမယ်ဆိုရင် အတိုင်းအတာ တစ်ခု အထိ နိုင်ငံတော်ကို တည်ဆောက်ရာရောက်ပါလိမ့်မယ်။ နိုင်ငံတော်ဟာ အလိုအလျှောက် မိုးပေါ်က ကျလာ မှာတော့မဟုတ်ဘူး။ ကျွန်ုပ်တို့မြေကြီးသားတွေ အားလုံးက နိုင်ငံတော်သည် ကောင်းကင် မှာ တည်သလို မြေကြီးပေါ် ရောက်စေဖို့ ကြိုးစားအားထုတ်ကြရမှာ ပဲဖြစ်ပါတယ်။

မင်္ဂလာတရားတော်(၈) ပါးမှာ တွေ့ရတာက ” ငြိမ်းချမ်းရေးကိုဆောင်ကျဉ်းသောသူတို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏သားသမီးများ ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်” လို့ဆိုထားပါတယ်။ ကျွန်ုပ်ခရစ်ယာန်များတွေဟာ ခရစ်တော် နောက်လိုက်တွေသာမက၊ ခရစ် တော် နဲ့အတူ တစ်ဆူတည်းသော ဘုရားရဲ့ သားသမီးများတွေ ပါပဲ။ ပီပြင်တဲ့ ဘုရားသခင်ရဲ့ သား ကောင်း သမီးကောင်းဘ၀ကို ဖော်ပြရာ မှာ ငြိမ်းချမ်းသာယာသော လူ့ဘောင်လူ့အဖွဲ့အစည်း တည် ဆောက်ခြင်းဟာ အရေးပါလှပါတယ်။ စစ်မဖြစ်ရုံနဲ့ ငြိမ်းချမ်းပြီလို့ မဆိုလိုနိုင်ပါဘူး။ Peace is more than absence of war! လို့ ဒုတိယ ဗာတီကန် ကဆိုထားပါတယ်။ စစ်မှန်၊ ခိုင်မြဲတဲ့ ငြိမ်းချမ်း သာ ယာရေး ဟာတရားမျှတမှုအပေါ်တည်ပါတယ်။ ဒါကြောင့် ” တရားမျှတခြင်း၊ နဲ့ ငြိမ်းချမ်း သာ ယာခြင်း” ဟာ ဟန်ချက်ညီညီ အတူယှဉ်တွဲ သွားရမယ့် အရာတွေဖြစ်တယ်” ဆိုပြီး ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်က ဆိုခဲ့ဘူးပါတယ်။ ကျွန်ုပ်တို့ မြန်မာ့ မြေမှာ ထိုက်သင့်တဲ့ ငြိမ်းချမ်းမှု မရှိ သေးပါဘူး။ မလိုလားအပ်တဲ့ ပဋိပက တွေကလည်း ကြိုကြားကြိုကြား ဖြစ်ပေါ်လာ တတ်သေးတယ်။ ”ကျွန်ုပ်ကြောင့်လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းမဖြစ်စေရ” ဆိုတာတွေလည်း ဆော်သြလာကြ တယ်။ ဒီလို တရားမျှ တရေး၊ ငြိမ်းချမ်းသာယာမှုဖော် ဆောင်ရေး လှိုင်းလုံးတွေ မှာ ကျွန်ုပ်တို့ ခရစ် ယာန်တွေ လည်း စီးနှင်း လိုက်ပါပြီး အားသစ်လောင်းကြရပါလိမ့်မယ်။  လူနည်းစု ဖြစ်လို့ ခံစစ် အားပြု နဲ့ ကစားလာ ကြတာ လည်း နှစ်ကာလတွေကြာခဲ့ပါပြီ။ ပြောင်းလဲလာတဲ့ ကမ္ဘာ့ လေစီး ကြောင်းအသစ် မှာ ကျွန်ုပ်တို့ ခရစ် ယာန်များတွေဟာလည်း အစပြုလုပ်ဆောင်ခြင်း (Initiative)တို့၊ တီ ထွင်ကြံဆဖော်ဆောင် ခြင်း ( Creative) တို့ တွေနဲ့လှုပ်ရှား ကစားသင့်နေပါပြီ။

ဃ။ သဘာဝ ၀န်းကျင်ကို ထိမ်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်းအားဖြင့်

နှစ်ကာလသက်တမ်းတွေရင့်ရော် လာတာနဲ့အမျှ ကျွန်ုပ်တို့နေထိုင်တဲ့ အမိကမ္ဘာမြေဟာ ပူလောင်မှု ဒါဏ်တွေပိုပြီး တိုးလို့ခံထမ်းနေရပါတယ်။ ကမ္ဘာဦးကျမ်းမှာ ဘုရားသခင်ဖန်ဆင်းတော်မူသော အရာ တွေဟာကောင်းမြတ်တော်မူတယ်လို့ဆိုထားပါတယ်။ ဒီကောင်းမြတ်ခြင်းတွေကို ဆက်လက် ထိမ်း သိမ်း ကာကွယ် စောင့်ရှောက်ဖို့ အသိဥာဏ်ပညာနဲ့ ပြည့်စုံတဲ့ လူသားတွေရဲ့ လက်ထဲကို ဘုရား သခင်ဟာ မိမိ ဖန်ဆင်းထားတဲ့ ကမ္ဘာကြီးကို ပေးအပ်ခဲ့ပါတယ်။ ခုထိပဲ လူသားတွေ အားဖြင့် ဘုရား သခင်ဟာ မိမိ လက်ယာတော်ကို ဆက်လက် ဖော်ပြနေဆဲပါပဲ။ လူထုဆက်သွယ်မှု၊ သွားရေး လာရေး၊ ဆက်သွယ်ရေးကောင်းမွန်မြန်ဆန် မှုတွေလို ကောင်းကျိုးတွေ ရှိသလို၊ ဆိုးကျိုး တွေလည်း ရှိ နေပါတယ်။ ကျွန်ုပ်လူသားတွေရဲ့ မလိမ်မာမှု တွေကြောင့် ဒီဆိုးကျိုး ရဲ့ ဒါဏ်ကို ကျွန်ုပ်တို့တတွေ စု ပြီးခံနေကြရတယ်။ ကမ္ဘာ ကြီး ပိုပြီးပူနွေးလာတယ်။  ရာသီဥတု တွေဖေါက်ပြန်လာတယ်။ ကျွနု့်ပ်တို့ နေထိုင်တဲ့ ကမ္ဘာ ကြီး ကျန်းကျန်းမာမာနဲ့ရှိနေအောင်  ကျွန်ုပ်တို့ထိုက်သင့်တဲ့ ဂရုစိုက်မှုတွေ မပြု ခဲ့ကြပါဘူး။ 

ကျွန်ုပ်တို့ခရစ်ယာန်များ(တချို့)တွေဟာ အလယ်ရာစု နှောင်းပိုင်းလောက်ကစပြီး ဖန်းဆင်းခြင်း (Creation) ထက်၊ (Salvation) ဘက်ကို ဇောင်းပေးပြီး ရှာဖွေတွေ့ရှိလာတဲ့ ကမ္ဘာသစ်နဲ့ အတူ အရပ် လေးမျက်နှာ ကို ကယ်တင်ခြင်း အတွက် ခြေဆန့် ကြတော့တယ်။   ကယ် တင်ခြင်း မှာ မှ ၀ိညာဉ် ကယ်တင်ခြင်း ဟာ ပထမဦးစားပေး၊ ကာယ အတွက်ကတော့ ဒုတိယ ပေါ့။ လောကရဲ့ ပြည့်ဝ တဲ့ အသက်တာ ( Abundant Life) ထက်၊  ထာဝရအသက် (Eternal Life) ကို ပိုဇောင်းပေး ခဲ့ကြ တယ်။ လောကဧည့်သည်၊ ခဏလေးပဲ။ လူစဉ်မမှီ ဆင်းရဲ မွဲတေလည်း ခဏလေးပဲ။ ထာဝရ အသက် ကတော့ထာဝရ အစဉ်အမြဲပဲ။ ဒီလိုချိန် ခွင်ရှာ မညီမျှမှုနဲ့ ခရီးနှင် လာခဲ့တာရာစု အလီလီ ကျော်လာ ခဲ့တယ်။ ကက်သလစ်အသင်းတော် အတွက်ကတော့ ၁၉၆၂ - ၁၉၆၅ ခုနှစ် မှာ ကျင်းပ ခဲ့တဲ့ ဒုတိယ ဗာတီကန် အစည်း အဝေးကြီး က တော့သမိုင်းရဲ့ အလှည့်အပြောင်းပဲ။ ပြောင်းလဲ နေတဲ့ ခေတ် ကာလရဲ့ လကဏာ ( Sign of Time) ဖတ်တတ်ပြီး လေ၀င်လေထွက်၊ လေကောင်း၊ လေ သန့်ရ အောင် အသင်းတော်ကို တံခါး ဖွင့်လိုက် တော့တယ်။  ကယ်တင်ခြင်းဆိုတာ လူပုဂ္ဂိုလ် တစ်ခု လုံး ( Whole Person) လို့ပြောလာတယ်။ ခရစ် တော်က အသက် တာကို ပေးတယ်။ ပြည်ဝ သော အသက်တာ ( Fullness of Life) ဖြစ်ဖို့အတွက် ဖြစ်တယ်။ ဆိုတာတွေ ဘက်ကို ဇောင်း ပေး လာခဲ့ တယ်။ ဥသုံဖွံ့ဖြိုးတိုးတက်ရေး ( Wholistic Development) ဆိုတာ တွေဖြစ် လာ တယ်။ ကယ်တင်ခြင်းတင် မကဘူး ဖန်ဆင်းခြင်း ဘက်ကို အာရုံ ပြုလာကြတယ်။ စစ်မှန်တဲ့ ခရစ်ယာန် အသက်တာကိုဖော်ဆောင်ဖို့ ဟောပြောသွန်သင်ခြင်း (Proclamation)၊ ၀တ်ပြု ဆုတောင်းခြင်း ( Celebration)၊ မှာတင် မရပဲ နဲ့ သက်သေခံခြင်း၊ အစေခံခြင်း၊ လက်တွေ့ အကောင်အထည်ဖော်ခြင်း အနက်အဓိပါယ် ရှိတဲ့ (Diaconia) ကို လုပ်ဆောင်ကြဖို့ တိုက်တွန်းနေပါပြီ။ ကျွန်ုပ်တို့ ဘာ လုပ်ကြ မလဲ။ ကျွန်ုပ်တို့တတွေ ဘုရားကျောင်းထဲ မှာ အာလေလုယာ ဆိုယုံ နဲ့ မတင်းတိမ်ကြပဲ ဘုရား ကျောင်း အပြင်ဘက်မှာ အာမင် ကို အားရပါးရ ဆိုနိုင်ဖို့ ကြိုးစားကြရပါမယ်။ Salvation သာမက ဘုရားသခင်ရဲ့ Creation ကို လည်းကျွန်ုပ်တို့ အာရုံပြု ထိမ်းသိမ်းစောင့်ရှောက် ကြရပါမယ်။

နိဂုံး

အခု ဖော်ပြခဲ့တဲ့ အချက်အလက်လေးတွေဟာ မြန်မာ့မြေပေါ်မှာ၊ နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ ကျွန်ုပ်တို့ ခရစ်ယာန်များအနေနဲ့ ဘယ်အခန်းကဏ္ဍကနေပါဝင် နိုင်သလဲ၊ ရမလဲ ဆိုတဲ့ သုံးသပ်ချက် တွေကို စုစည်းတင်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တင်ပြခြင်းသာဖြစ်တဲ့အတွက် အ သေးစိပ်အချက်အလက်တွေနဲ့ လက်တွေ့အကောင်အထည် ဖော်ဆောင်နိုင်မှုတွေကို တော့ ကျွန်ုပ် ရှိရာ အခြေအနေနဲ့ ကျရာ ကဏ္ဍအသီးသီးကနေပဲ ဖော်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အ ရေးကြီးတယ်လို့ထင်မြင်ပြီး တင်ပြခဲ့တဲ့ ခရစ်ယာန်အချင်းချင်းပေါင်းစည်းခြင်းရဲ့အားဖြင့်။ မေတ္တာ တ ရားလုပ်ငန်း တွေအားဖြင့်။  တရားမျှတခြင်းနဲ့ ငြိမ်းချမ်းသာယာခြင်း ကိုဖော်ဆောင်ခြင်းအားဖြင့်။ သ ဘာဝ ၀န်းကျင်ကို ထိမ်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်းအားဖြင့်။ ဆိုတဲ့ လမ်းကြောင်း တွေကို အား ပြုရင်း ပြည်မြန်မာရဲ့ နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ ကျွန်ုပ်တို့ ခရစ်ယာန်များတွေ စုပေါင်း ပါ ၀င်ကြပါစို့လား။
Fr. Henry Eikhlein
Diocese of Pathein  ( April 24, 2013)

No comments: